အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရ သံတမန်အဆောက်အဦတွေကို အတိုက်အခံတွေက သိမ်းယူ

ဝါရှင်တန်၊ မတ်-၁၉ ၊၂၀၁၉

မျိုးဆက် ( VOM)

 

ဗင်နီဇွဲလားနိုင်ငံမှာ ဆိုရှယ်လစ်သမ္မတ နီကိုလပ်မာဒူရိုကို ဖြုတ်ချဖို့ အတိုက်အခံတို့က ဖိအားပေးနေချိန်မှာဘဲ အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရပိုင် သံတမန်အဆောက်အဦတွေကို အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုရဲ့ ကိုယ်စားလှယ်တွေက သိမ်းယူလိုက်တယ်လို့ ဂွိုင်ဒိုရဲ့ အမေရိကန်ဆိုင်ရာ အထူးကိုယ်စားလှယ်က မတ် ၁၈ ရက်ကပြောပါတယ်။

ဝါရှင်တန်ရှိ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ အဆောက်အဦနှစ်ခုနဲ့ နယူးယောက်ရှိ ကောင်စစ်ဝန်အဆောက်အဦးတို့ကို အတိုက်အခံတို့က ထိန်းချုပ်ရရှိခဲ့တယ်လို့ ကားလို့စ်ဗက်ချီအိုက ပြောဆိုပြီး လာမယ့် ရက်အနည်းငယ်အတွင်း ၀ါရှင်တန်ရှိ ဗင်နီဇွဲလားသံရုံးကို သိမ်းယူဖို့ မျှော်လင့်ထားတယ်လို့သူကဆိုပါတယ်။

သမ္မတ မာဒူရိုရဲ့ မေလအတွင်းက ရွေးကောက်ပွဲဟာ တရားမ၀င်ဘူးဆိုပြီး အမျိုးသားလွှတ်တော်ဥက္ကဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားဖြတ်သမ္မတအဖြစ်ဇန်န၀ါရီလက ကြေညာခဲ့ပါတယ်။ သူ့ကို ဗင်နီဇွဲလားနိုင်ငံအတွက် မှန်ကန်တဲ့ ခေါင်းဆောင်အဖြစ် အမေရိကန်အပါအ၀င် အနောက်နိုင်ငံအများစုက အသိအမှတ်ပြုထားကြပါတယ်။

အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းသွားဖို့ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပြီး သမ္မတမာဒူရိုရဲ့ ပုံတူအစား ဂွိုင်ဒို၏ ပုံနဲ့ အစားထိုးပြီးနောက် ၀ါရှင်တန်ရှိ ဗင်နီဇွဲလားစစ်သံမှူးရဲ့ ရုံးခန်းကနေ ဗက်ချီအိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ဗင်နီဇွဲလားအတိုက်အခံတို့က အဲ့ဒီလိုလုပ်ဆောင်ဖို့ တောင်းဆိုတာကို ထောက်ပံ့ပေးရတဲ့ အတွက် ကျေနပ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ပါလာဒီနိုက သတင်းထောက်တွေကိုပြောပါတယ်။

ဒီလို သံတမန်အဆောက်အဦတွေကို ဗင်နီဇွဲလားအတိုက်အခံတွေက အတင်းအဓမ္မသိမ်းယူတာနဲ့ပတ်သက်ပြီး လိုအပ်သည့်အစီအမံတွေကို ချက်ချင်းလုပ်ဆောင်ဖို့ အမေရိကန်အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဲ့ဒီလို လွှဲပြောင်းရယူလိုက်ခြင်းဟာ သံတမန်တွေရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ရမယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref & Photo : Reuters

 

#voiceofmyanmar #နိုင်ငံခြားသတင်း #ဗင်နီဇွဲလားနိုင်ငံ #အတိုက်အခံခေါင်းဆောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW