ကားလက်မှတ်အခက်အခဲရှိသူတွေကို YRTA က အရံကားတွေနဲ့ပြေးဆွဲမယ်

ရန်ကုန် ၊ မတ် ၂၁-၂၀၁၉

TGH (VOM)

သင်္ကြန်ပိတ်ရက်မှာ နယ်ပြန်ဖို့  ကားလက်မှတ်အခက်အခဲရှိသူတွေအနေနဲ့   YRTA ကဖွဲ့ထားတဲ့ ကြီးကြပ်ရေးရုံးကို အကြောင်းကြားတာတွေရှိမှသာ  အရံထားရှိတဲ့ကားတွေနဲ့ ပြေးဆွဲပေးဖို့ စီစဉ်နိုင်မှာဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ၊ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ အတွင်းရေးမှူးဒေါက်တာမောင်အောင်ကပြောပါတယ်။

“ လက်မှတ်မရရင် ကြီးကြပ်ရေးရုံးကို သွားအကြောင်းကြားပါ။ သွားမယ့်ကားလိုင်းက ပြည့်သွားရင် ဆရာတို့က စီစဉ်ပေးမယ်။ တချို့လိုင်းတွေကတော့ ကြိုရောင်းတယ်ဆိုတာရှိပါတယ်။ အများအားဖြင့် သွားမယ့်ရက် ၂ ရက်ကြိုရောင်းတဲ့စနစ် ပြောထားတာပေါ့။ တကယ်လို့အခက်အခဲရှိရင် YRTA ကဖွဲ့ထားတဲ့ ကြီးကြပ်ရေးအဖွဲ့ကို ဆက်သွယ်ပါ။ ဗီနှိုင်းတွေပါတွေချိတ်ထားတယ်။ လိုအပ်ရင် ကားတွေဘာတွေနဲ့ပြေးဆွဲပေးမယ်။ မနှစ်ကလည်း ပြေးဆွဲပေးဖို့ဆိုပြီး ကားတွေထား တယ်။ တကယ်တမ်းကျ ဘယ်သူမှမလာဘူး။ ခုနှစ်လည်းအညာဘက် ၊ မန်းလေးဘက်တွေကို ပြေးဆွဲပေးသွားဖို့ရှိတယ်။ အခက်အခဲရှိရင် ဆက်သွယ်ပါရပါတယ်။ ကားတွေရှိတယ်။”လို့ YRTA က ဒေါက်တာမောင်အောင်ကပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန် – မန်းလေး-နေပြည်တော် ယာဉ်လိုင်းအများစုက ကြိုတင်လက်မှတ်တွေ ရောင်းချနေပြီး တချို့ယာဉ်လိုင်းတွေအနေနဲ့ သင်္ကြန်မတိုင်မီရက်တွေဖြစ်တဲ့ ဧပြီ ၁၀ ၊ ၁၁ ၊ ၁၂ ရက် အတွက် လက်မှတ်မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ သင်္ကြန်ကားလက်မှတ်တွေ ကိစ္စနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရကို စာတင်ထားကြောင်းနဲ့ အစိုးရအဖွဲကနေခွင့်ပြုချက်ပြန်ကျတဲ့အခါ အသေးစိတ်အစီအစဉ်တွေကို တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ကြေငြာပေးမယ်လို့လည်း ဆိုပါတယ်။

နှစ်စဉ်သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ရက်တွေတိုင်း ကားလက်မှတ် ၊ ရထားလက်မှတ်ဝယ်ယူရန် အလွန်ခက်ခဲသလို လက်မှတ်ဈေးနှုန်းတင်ရောင်းချတာတွေလည်းရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိတဲအပေါ် ဝေဖန်ပြောဆိုမှု တွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန် – မန္တလေး ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတစ်ခုရဲ့ လက်ထောက်မန်နေဂျာတစ်ဦးက ခုလိုသုံးသပ်ပြောပါတယ်။

“ သင်္ကြန်ရက်က လူကတော့ပြည့်မှာပဲ။ ကြိုပဲရောင်းရောင်း ၊ အနားနီးမှရောင်းရောင်းပေါ့။ တစ်ခုရှိတာက တကယ်လိုအပ်တဲ့သူ ပြန်မယ့်သူကိုရောင်းချင်တယ်။ တစ်ယောက်ထဲ အစောင်အများကြီးလာဝယ်တာ မျိုးကိုမရောင်းသင့်ဘူး။ ဘာကြောင့်ဆို ဒါပွဲစားတွေဖြစ်နိုင်တယ်။ ဒါဆိုရင်ဈေးနှုန်းကြီးမြင့်တာဖြစ်မယ်။ တကယ်သွားမယ့်သူတွေ ဒုက္ခရောက်မယ်။ ကားလိုင်းတွေကလည်းသိဖို့လိုတာပေါ့။ ရောင်းရပြီးရော မလုပ်သင့်ဘူး။ ကြိုတင်လက်မှတ်ဆို ကာယကံရှင်ကိုယ်တိုင်လာဝယ်ရင် မှတ်ပုံတင်နဲ့တကွရောင်း။ အစိုးရကလည်း သေချာ ကြပ်ကြပ်မတ်မတ်လုပ်။ ကြိုရောင်းတာ အစဉ်မပြေဘူးဆိုရင်လည်း ဘယ်နေ့ဘယ်ရက်မှာ ရောင်းရမယ်ဆိုပြီးလုပ်ပေါ့။ အဓိက ယာဉ်လိုင်းတွေကို ထိန်းချုပ်ဖို့လိုတယ်ထင်တယ်။” လို့ ဆိုပါတယ်။

အောင်မင်္ဂလာအဝေးပြေးကွင်းမှာဆိုရင် ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းက ကားအစီးရေပေါင်း ၉၀၀ ကျော်နဲ့ ခရီးသွားဧည့်သည် ၄၀၀၀၀ ကျော်ကို နေ့စဉ်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ မြန်မာ့မီးရ ထားဌာနကလည်း သင်္ကြန်အတွက် ရန်ကုန် -မန္တလေး-နေပြည်တော်ကို သင်္ကြန်အထူးရထား နှစ်စင်းပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။

 

#voiceofmyanmar #သင်္ကြန်အပြန်  #ကားလက်မှတ်အခက်အခဲ

ဓါတ်ပုံ မန္တလာမင်းကားလိုင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW