ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

ဝါရှင်တန်၊ မတ်-၂၁ -၂၀၁၉
မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်ပြီး ပိုမိုတာဝန်ခံမှုရှိစေရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်အချို့က မတ် ၂၁ ရက်မှာ တိုက်တွန်းလိုက်ကြပါတယ်။

ရိုဟင်ဂျာအသိုင်းအ၀ိုင်းအပေါ် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေဟာ သိသာထင်ရှားတဲ့တိုးတက်မှု လက္ခဏာတွေ မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင်တို့ဆီကို ပေးပို့တဲ့ အထက်လွှတ်တော်အမတ်လေးဦးရဲ့ပေးစာမှာ ရေးသားဖော်ပြထားပါတယ်။

 

မြန်မာထိပ်တန်းတာဝန်ရှိသူတွေအပါအ၀င် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အရေးယူပိတ်ဆို့မှု ချမှတ်တာဟာ အခြေခံလူ့အခွင့်အရေးချိုးဖောက်တာတွေအတွက် အမေရိကန်က လုံးဝသည်းမခံဘူးဆိုတာ ပြသလိုက်သလိုဖြစ်လိမ့်မယ်လို့ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်သူ ဒစ်ခ်ဒါဘင်က ပြောပါတယ်။

 

ဒီလို အရေးယူပိတ်ဆို့မှုချမှတ်ဖို့ တောင်းဆိုတဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေထဲမှာ ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်အမတ်တွေပါဝင်ပြီး အမေရိကန်မှာ မြန်မာဒုက္ခသည်တွေ အများဆုံးနေထိုင်ကြတဲ့ အင်ဒီယားနားပြည်နယ်က အမတ်တစ်ဦးဖြစ်သူ တုတ်ယန်းလည်းပါဝင်ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်ဘက် ထိပ်တန်းတာဝန်ရှိသူလေးဦးကို အမေရိကန်ဘဏ္ဍာရေးဌာနက ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အရေးယူပိတ်ဆို့မှုချမှတ်ခဲ့ပေမယ့် ဒီလိုလုပ်ဆောင်ရုံနဲ့ မလုံလောက်ဘူးလို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်နှိမ်းနှင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ တိကျသေချာတဲ့ သက်သေအထောက်အထား မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ နိုင်ငံခြား သတင်းဌာနတစ်ခုနဲ့ ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောပါတယ်။

 

Ref : CNA Photo : Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW