စစ်ကိုင်း အေးငြိမ်းမြေသုဿန်မှာ သဂြိလ်စရိတ်မြင့်လို့ ဒေသခံတွေအခက်ခဲဖြစ်

စစ်ကိုင်း  မတ် ၂၃ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့နယ်၊ စာရေးကျေးရွာအနီးမှာ အသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ ဂူသွင်းစရိတ်နဲ့ မြေမြုပ်စရိတ်တွေအတွက် ငွေကြေးကောက်ခံမှုအပေါ် စစ်ကိုင်းမြို့နေပြည်သူများ ခံနေကြရပါတယ်။

 

 

ခုအသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ မြေမြုပ်ပါက (၄ ×၆) ပေကို ငွေကျပ်ငါးသိန်း၊ အလောင်းဂူသွင်းပါက (၄ ×၆) ပေကို ငွေကျပ်ဆယ်သိန်း၊ အရိုးဂူသွင်းပါက (၂ ×၂)ပေကို ငွေကျပ် ငါးသိန်း၊ စက်ဖြင့်မီးသဂြိုလ်ပါက ငွေကျပ် နှစ်သောင်းနဲ့ မှတ်ပုံတင်ကြေး ငွေကျပ် ၁၅၀၀ တို့ကို စည်ပင်သာယာကော်မတီကို ပေးသွင်းနေရပါတယ်။

 

လုပ်အားခတွေ အနေနဲ့ ကျင်းတူးလုပ်အားခ (၄ ×၆)ပေကို ငွေကျပ် နှစ်သောင်း၊ အလောင်းအုတ်ဂူပြုလုပ်ခြင်း(၄ ×၆)ပေကို ငွေကျပ် (၄၂၀၀၀၀ )ကျပ်၊ အရိုးအုပ်ဂူပြုလုပ်ခြင်းအတွက် ငွေကျပ် တစ်သိန်း ပေးဆောင်ရမှာဖြစ်တာကြောင့် မြို့နေပြည်သူများ အခက်ခဲကြုံနေရပါတယ်။

 

 

”အုတ်ဂူသွင်းရင် စည်ပင်ကို ၁၀ သိန်းသွင်းရမယ်၊လုပ်အားခက ၄၂၀၀၀၀ စုစုပေါင်း ၁၄သိန်းကျော်သွင်းရမယ်၊ မြေချမယ်ဆို လုပ်အားခပါအပြီးအစီး ၅၂၀၀၀၀ သွင်းရမယ်၊အချို့သူတွေက မီးမဂြိုလ်ချင်ကြဘူးလေ။ သေတာသေတာပဲလေ မီးသဂြိုလ်တာကို မမြင်ချင်ကြဘူးလေ၊ အဲဒီတော့သူက မြေမြုပ်ချင်တယ်။ ရိုးရိုးမြေမြုပ်တဲ့ လူသေအလောင်းတစ်လောင်းကို  ၅၂၀၀၀၀ ရှိမှ သေလို့ရမှာ၊ သူများတွေက အလွယ်တကူပြောတယ် ဒါဆို မီးရှို့လိုက်ပေါ့ ရတယ် မီးရှို့မယ်ဆို ငွေကျပ် ၂၁၅၀၀ ၊ အဲဒါပြီးရင် အရိုးအိုးဂူသွင်းမယ် ငွေကျပ် ၅ သိန်းက ကုန်ဦးမှာပဲ  ခုက အနည်းဆုံးက ငွေကျပ် ၅၂၀၀၀၀ ဖြစ်နေတာ ၊ စစ်ကိုင်းမြို့သူ၊ မြို့သားတစ်ယောက်အနေနဲ့ ဒီကိစ္စကို လုံးဝမှ မကျေနပ်ဘူး”လို့စစ်ကိုင်းမြို့ခံ ဦးမင်းမင်း (ခ)ဘိုသု ကပြောပါတယ်။

 

 

အသစ်ပြောင်းရွေ့ပြုလုပ်တဲ့  အေးငြိမ်မြေသုဿန်ကို စစ်ကိုင်းတိုင်းအစိုးရ ထောက်ပံငွေ ကျပ်သိန်း ၁၃၀၀  နဲ့ ပြီးခဲ့သည့်နှစ် မေလက စတင်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ယခုနှစ် မတ်လ ၁ ရက်နေ့မှာ အေးငြိမ်းမြေ သုဿန်သစ်ကို ရေစက်ချ အခမ်းနားနဲ့ အန္တရာယ်ကင်း ရွတ်ဖတ် ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး စတင် အသုံးပြုခွင့် ပြုခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ကနေသိရပါတယ်။

 

 

”သဂြိုလ်စရိတ်နဲ့ ပတ်သက်လို့ကျွန်တော်တို့ ကော်မတီတစ်ခုတည်း ဆုံးဖြတ်တာ မဟုတ်ပါဘူး  ဆင့်ကဲ ဆင်ကဲ့ တင်ပြပြီးတော့မှ  ဒီအစီအစဉ်ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက က မြေကို စောစောစီးစီးနဲ့ မပြည့်သွားစေချင်လို့ ၊သက်သက်သာသာနဲ့ ခွင့်ပြုတယ်ဆိုရင် မြေနေရာက စောစောစီးစီးနဲ့  ပြည့်သွားနိုင်တယ် ဒါကိုလည်း ရည်ရွယ်ပါတယ်။ မီးသဂြိုလ်တဲ့ အတွက် နေရာအခက်အခဲ မဖြစ်ပေါ်တော့ဘူး အချိန်ကြာမြင့်စွာ အသုံးပြုလို့ရမယ်၊ သဂြိုလ်စရိတ် မတတ်နိုင်သူတွေ၊ ပိုင်ရှင်မဲ့ အလောင်းတွေကို ကျွန်တော်တို့ ကော်မတီက အခမဲ့ မီးသဂြိုလ်ပေးသွားမှာပါ”လို့ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်ကပြောပါတယ်။

 

 

ယခုလက်ရှိအသုံးပြုနေတဲ့ မြို့မသုဿန်မှာ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်အတွင်းတည်ရှိပြီး မြေဧက ၁၂ ဧက အကျယ်အဝန်းရှိကာ  မြို့တွင်း ကျရောက်နေပြီး  အသုံးပြုခဲ့တာ နှစ်သက်တမ်းကြာမြင့်လာတဲ့အတွက် သဂြိုလ်တဲ့ နေရာခြင်းထပ်ပြီး အခက်အခဲဖြစ်ပေါ် လျက်ရှိနေတာကြောင့်  မြို့မသုဿန် အသစ်ကို ပြောင်းရွေ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ပြောင်းရွေ့ပြုလုပ်တဲ့ မြို့မသုဿန်ဟာ  မြေဧက  ၃၂ ဧက အကျယ်အဝန်း ရှိတယ်လို့သိရပါတယ်။

 

#voiceofmyanmar  #စစ်ကိုင်း #အေးငြိမ်းမြေသုဿန်

Related posts

Leave a Comment

VOM News

FREE
VIEW