သင်္ကြန်နောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးရှောင်တစ်သောင်းကျော်ထိရှိလာ

ဘူးသီးတောင်၊ ဧပြီ ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့  စစ်ဘေးရှောင်အရေအတွက်ဟာ သင်္ကြန်ကာလနောက်ပိုင်းမှာ တစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

 

ဘူးသီးတောင်မြို့နယ်မှာ သင်္ကြန်ကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့တဲ့ ကျေးရွာပေါင်း ၁၀ ကျော်ထိရှိခဲ့တာဖြစ်ပါတယ်။

 

“စစ်ဘေးရှောင်အရေအတွက်က ခန့်မှန်းခြေအားဖြင့်ဆိုရင် ကျေးရွာပေါင်း ၁၀ ကျော်မှာ အနည်းဆုံး တစ်သောင်းကျော်ရှိနိုင်ပါတယ်။ သူတို့ကတော့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ တချို့နေမကောင်းသူတွေ၊ အသက်ကြီးပိုင်းတွေကိုတော့ မြို့ပေါ်မှာ ထားတယ်။ တခြားလူတွေကတော့ သူတို့နီးစပ်ရာစခန်းတွေမှာနေကြပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

ဘူးသီးတောင်မြို့နယ်အတွင်း စစ်ဘေးရှောင်တွေဟာ မြို့ပေါ်ကယ်ဆယ်ရေးခစန်းဖြစ်တဲ့ ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်းမှာ အသက်ကြီးပိုင်းတွေကိုထားရှိပြီး စေတီတောင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀ ကျော်၊ ဆင်ခုန်းတိုင်ကယ်ဆယ်ရေးစခန်းမှာ ၂၀၀၀ ကျော်နဲ့ အိုဖောက်၊ ခွဆုံ၊ စက်ခွာ၊ ငလန်းပြင်၊ ဖောက်အိုးသည်မ၊ စေတီပြင်၊ ဈီးခေါင်း စတဲ့စခန်းတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။

 

“ဒီရက်ပိုင်းအတွင်းမှာ ထွက်ပြေးလာတဲ့ကျေးရွာတွေကတော့ ဖုန်ညိုလိပ်၊ သရက်ပြင်၊ သသျှားတောင်၊ ဥယာဉ်သာ၊ စံဂိုးထောင်၊ နွားရုံတောင်၊ ကွမ်းတောင်၊ စပါးထား၊ ကန်ပြင်၊ စည်တောင်၊ ရေကောင်းချောင်း၊ ခရုချောင်း၊ သတိုင်းတပုတ် စတဲ့ရွာတွေ ထွက်ပြေးနေကြတာဖြစ်ပါတယ်။”လို့ ဦးထွန်းအောင်သိန်းကပြောပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်အတွင်းမှာတော့ ၃၄၅၈၉ ဦးအထိရှိလာနေပြီး ကယ်ဆယ်ရေးစခန်း ပေါင်း ၆၆ ခုအထိ ဖွင့်လှစ်ထားရတယ်လို့ ရခိုင်မျိုးနွယ်များအစည်းအရုံး REC က မနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ်  #ဘူးသီးတောင် #စစ်ဘေးရှောင်

 

Related posts

Leave a Comment

VOM News

FREE
VIEW