AA အနေနဲ့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မလုပ်ဖို့ ချင်းလူမှုအဖွဲ့ထုတ်ပြန်

ရန်ကုန် ၊ဧပြီ -၂၅-၂၀၁၉
TGH (VOM)

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အနေနဲ့ ပလက်ဝမြို့ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေမယ့် လုပ်ရပ်မျိုး လုံးဝမလုပ်ဖို့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကနေ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

” AAက ချင်းပြည်နယ်ကို မတည်မငြိမ်မှုတွေဖြစ်အောင် လုပ်နေတယ်။ဖွံ့ဖြိုးရေးကိုလဲ အဟန့်အထားဖြစ်စေသလို ပြည်သူတွေကိုလဲ ကြောက်စိတ်တွေဖြစ်စေတယ်။ ချင်းပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးဟာ အဆင်းရဲဆုံးနဲ့ဖွံ့ဖြိုးမှုနှောက်နှေးနေရတယ်။ အစိုးရဘက်က ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်နေတဲ့လုပ်ငန်းတွေကို AAကြောင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေရပ်တန့်နေတာတွေ မဖြစ်သင့်ဘူး။” လို့ တစ်ပြည်နယ်လုံးဆိုင်ရာ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက် ဦးဆောင်သူ ဦးယာကုတ်ထန်က ပြောပါတယ်။

AA အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းက ပလက်ဝမြို့မှာ တည်ဆောက်နေတဲ့ ကုလားတန်မြစ်ကူးတံတာအတွက် အသုံးပြုမယ့် တံတားသံဘောင် တန်ချိန်(၃၀၀) ကျော်တင်ဆောင်လာတဲ့သင်္ဘောကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ နယ်စပ်ကားလမ်းဖောက်လုပ်တဲ့ ဆုထူးစံကုမ္ပဏီ ၀န်ထမ်း ၈ ဦးကိုလည်း ဖမ်းဆီးခဲ့တာကြောင့် လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားရတဲ့ အနေအထားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် AA အဖွဲ့ အနေနဲ့ ပလက်ဝရဲ့ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတဲ့လုပ်ရပ်တွေကို ထပ်မံမပြုလုပ်ဖို့ တောင်းဆိုတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နောက်ပြီး ချင်းတိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသားတွေက အရင်ကတည်းက ချစ်ခင်ရင်းနှီးစွာ အတူတကွယှဉ်တွဲ နေထိုင်ခဲ့ကြတာကို အသိအမှတ်ပြုကာ ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို နားလည်သည်းခံခဲ့ကြတယ်လို့လည်း ပါရှိပါတယ်။

ဒါ့ အပြင် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အစိုးရကနေ ကြိုးပမ်းဆောင်ရွက်ပေးရန်နဲ့ AA နှင့် တပ်မတော်အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့စစ်ဘေးဒုက္ခသည်တွေကိုလည်း လူသားချင်းစာနာထောက်ထားမှုအညီအကူတွေ ဆက်လက်ထောက်ပံ့ပေးကြဖို့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကတောင်းဆိုထားပါတယ်။

ချင်းပြည်နယ်လုံးဆိုင်ရာ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကွန်ယက်ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ အဖွဲ့ဝင်ပေါင်း ၁၂၀ ကျော်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အရောက်မှာ မြို့နယ်အလိုက် မြို့နယ်အဆင့်အနေနဲ့ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

#voiceofmyanmar #AA #ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း

Related posts

Leave a Comment

VOM News

FREE
VIEW