အယ်ဒီတာ့အာဘော်

သင်္ကြန်အပြီး နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်အရလွှတ်တာမှာ ပထမအကြိမ် အကျဉ်းသား ၉၅၃၅ ဦး၊ ဒုတိယအကြိမ်မှာ အကျဉ်းသား ၆၉၄၈ နဲ့ တတိယအကြိမ်မှာ အကျဉ်းသား ၆၅၂၀ ဦး စုစုပေါင်း ၂သောင်း၃ထောင်ကျော်လွတ်ထားပြီးဖြစ်ပါတယ်။

 

အရင်တုန်းက လွတ်ငြိမ်းသက်သာခွင့်နဲ့လွှတ်တာမှာ တပြိုင်တည်း ထောင်အသီးသီးကနေ လွှတ်ပေးခဲ့ပေမယ့် ဧပြီ ၂၆ ဒုတိယအကြိမ်လွှတ်တာမှာ ပြည်နယ်ကထောင်တွေအရင်လွှတ်ပြီး ခုတတိယအကြိမ်မှာ တိုင်းဒေသတွေက ထောင်တွေကို လွှတ်ခဲ့ပါတယ်။

 

အဲဒီမှာစပြီး အကျဉ်းသားထောင်သားတွေအနေနဲ့  နားလည်မှုတွေလွဲပြီး တခြားထောင်တွေလွှတ်ပြီး ငါတို့ မလွှတ်ရကောင်းလားဆိုတဲ့ အတွေးနဲ့  မေလဆန်းမှာ ထောင်ဆူပူမှုတွေ ထောင်တချို့က စခဲ့ပါတယ်။ ဒီထောင်ဆူပူမှုက မေ၇ရက်နေ့က တတိယအကြိမ်လွှတ်အပြီးမှာ ပိုဆိုးလာခဲ့ပါတယ်။

 

ဘယ်လို့ကြောင့်ဆိုတာ ထောင်တွင်းဆန္ဒြုပသူတွေပြောစကားအရသိရတာက အကျဉ်းသားလွှတ်တာမှာ ညီမျှမှုမရှိဘူး အမှုချင်း စီရင်ချက်အမိန့်ချင်းတူတာတောင် လွတ်သူလွတ် ကျန်သူကျန်ဖြစ်တော့ သူတို့သည်းမခံနိုင်ဘဲ ဆူပူကြတာဖြစ်တယ်လို့ သိရပါတယ်။

 

မြင်သာတဲ့ ဥပမာပေးရရင် သရုပ်ဆောင်မိုးအောင်ရင်ဟာ မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၇ နှစ်ကျပြီး လွတ်ခဲ့ပေမယ့် သူ့လို အလားတူ ပုဒ်မနဲ့ ထောင်ကျသူ ထောင်ဒဏ်သူ့ထက်နည်းသူတွေက ထောင်ထဲမှာ အပုံကြီးကျန်နေခဲ့တာဟာ ပြဿနာရဲ့ အရင်းမြစ်ဖြစ်လာပါတယ်။

 

နောက်တခုက အရင်သမ္မတတွေတုန်းက  လွတ်ငြိမ်းချမ်းသာပေးခဲ့တာက ၄၀၁(ခ) အရ ပေးခဲ့တာပါ။ ခုလွှတ်တာက ၄၀၁(က) ဆိုတာကို အကျဉ်းသားတွေ သဘောမပေါက်ကြတာဖြစ်ပါတယ်။ ရှုင်းအောင်ပြောရရင် ၄၀၁(ခ) က ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနေဆုံးဖြတ်ပြီးမှ လွှတ်တာ ၊ ခု သမ္မတကြီးဦးဝင်းမြင့်ပေးတဲ့ ၄၀၁(က)က ဘယ်သူ့မှတိုင်ပင်စရာမလိုပဲ သူ့သဘောနဲ့သူလွှတ်လို့ ရတာ အဲဒါ ကွာတယ်ဆိုတာ အကျဉ်းသားတွေ မသိကြတာဖြစ်ဖို့များပါတယ်။

 

ဒီတော့ သမ္မတက လွှတ်သင့်သူတွေစာရင်းကောက်မယ်ဆိုရင် အောက်ခြေက တင်ပြလာတဲ့သူတွေနဲ့ သူပါစေချင်သူတွေ ရောပြီးလွှတ်လိုက်တယ်။ ဒီထဲမှာ ရိုက်တာသတင်းထောက် ၂ယောက်နဲ့  နိုင်ကျဉ်းတချို့လွှတ်တာအပြင် မိုးအောင်ရင် ပါ ထည့်လွှတ်တာက နိုင်ငံရေးအရ မြင်သာအောင်လုပ်တယ်လို့ ယူဆမိပါတယ်။

 

ဒါပေမယ့် မိုးအောင်ရင်လို အလားတူ အိုးဘိုထောင်မှာ ထောင်ကျနေတဲ့  ဟစ်ဟော့ အဆိုတော် ရသကတော့ ဒီတခါလွှတ်တဲ့ထဲ မပါခဲ့ပါဘူး။ မိုးအောင်ရင်ဟာ ၁၇ နှစ်ကျပေမယ့် ရသဟာ ၁၁နှစ်ပဲကျတာပါ။ ပုဒ်မ ၁၉ (က) ပါတာချင်းလည်း အတူတူပါဘဲ။ ဒါမြင်သာတဲ့  လူသိများတဲ့ ဥပမာတခုကိုသာပေးတာပါ။ သူတို့ထက် ပြစ်ဒဏ်နိမ့်သူတွေ ထောင်ထဲမှာ အများကြီးကျန်နေပါသေးတယ်။

 

ထောင်ဆူတဲ့ အကြောင်းအရင်းတွေမှာ ဒီအကြောင်းရင်းက အဓိကဖြစ်သလို တခြားအကြောင်းအရင်းက ထောင်တွေထဲမှာ သတ်မှတ်ထားတဲ့ လူဦးရေထက် အဆမတန်များနေပါတယ်။ ဥပမာပေးရရင် အိုးဘိုထောင်ဟာ အကျဉ်းသား ၃၅၀၀ ပဲဆံ့တဲကထောင်ဖြစ်ပေမယ့် ခု ၈ထောင်နဲ့ တသောင်းကြားမှာ အမြဲရှိနေတတ်တော့ အရာရာ ကြပ်တည်းတဲ့ ဒဏ် ၊ နောက်ရာသီဥတုကလည်း အရမ်းပူပြင်းတော့ အပြင်မှာနေသူတွေတောင် စိတ်က အလိုလို တိုနေချိန် ဆိုတော့ အချိန်အခါ တိုက်ဆိုင်သွားပုံရပါတယ်။

 

VOM  ရဲ့ အမြင်ကတော့ သမ္မတအနေနဲ့ လွတ်ငြိမ်းသက်သာပေးမယ်ဆိုရင် ဒီထက်ပိုစနစ်ကျတဲ့  သေချာဖွဲ့စည်းထားတဲ့ စိစစ်ရေးအဖွဲ့နဲ့  အကျအနတိုင်ပင်ညှိနိုင်း စာရင်းကောက်ပြီးမှ လွတ်ငြိမ်းသက်သာခွင့်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အောက်ခြေကပေးတဲ့စာရင်းအတိုင်းလုပ်လိုက်လို့ကတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ အနေအထား ရောက်မှာဖြစ်ပါကြောင်း အယ်ဒီတာ့အာဘော်ကဏ္ဍကနေ တင်ပြလိုက်ပါတယ်။

 

VOM အယ်ဒီတာအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW