ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို လူ့အခွင့်အရေး အပြည့်အ၀ပေးဖို့ ပြော

ရန်ကုန် ၊မေ – ၁၇ – ၂၀၁၉

သိင်္ဂီ (VOM)

 

တပ်မတော်ရဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေအနေနဲ့ ပုန်ကန်ထကြွတာ၊ ခုခံတာ ၊ တော်လှန်တာမျိုးတွေလုပ်မှာမဟုတ်ဘဲ အမှုကိုအမှန်တရားပေါ်ဖို့သာ ရင်ဆိုင်သွားမှာဖြစ်လို့ ရဲတပ်ဖွဲ့အနေနဲ့လည်း တရားစွဲဆိုခံရသူတွေကို လူ့အခွင့်အရေး အပြည့်အဝပေးဖို့လိုအပ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာ တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ဝင် မစုရတနာမြင့် နဲ့ ကိုချစ်ယုံ တို့ကို ဗိုလ်တထောင် တရားရုံးမှာ ပုဒ်မ ၅၀၅ (က)၊ ၆၆ (ဃ)နဲ့ တရားစွဲ ဆိုခဲ့ပြီး အာမခံမပေးဘဲ  အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

 

” ကလေးတွေက အပ်တိုတစ်ချောင်းတောင်မရှိဘူး။ ဘာမှလည်းလုပ်မှာမဟုတ်ဘူး။ အမှုအမှန်တရားပေါ်ပေါက်ဖို့ပဲ ဥပဒေအတိုင်းရင်ဆိုင်မှာဖြစ်တယ်။ ဒါကြောင့် ဥပဒေနဲ့အညီသွားကြမယ်လို့လည်းမျှော်လင့်တယ်။တရားလိုစစ်တဲ့အခါနဲ့ အပြန်အလှန်တွေ စစ်မေးတဲ့အခါမှာလည်း ပြေပြေလည်လည်ဖြစ်ချင်တယ်။ ကလေးတွေထွက်လာတဲ့အခါမှာလည်း အချိန်ကိုလုံလုံလောက်လောက်ပေးစေချင်တယ်။”လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။

 

ရုံးချိန်ကိုတော့ လာမယ့် မေ ၂၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ကြောင်းနဲ့ အဲ့ဒီရက်မှာလည်း တရားလိုကို စတင်စစ်ဆေးနိုင်မှာမဟုတ်ဘဲ နောက်ထပ်ရုံးချိန်းမှသာ အမှုကိုစတင်စစ်ဆေးဖို့များတယ်လို့ဆိုပါတယ်။

 

ခုလိုတရားစွဲခံရတာနဲ့ပတ်သက်ပြီး မစုရတနာမြင့်က ”တရားရုံးတွေက တရားလိုရဲ့ဆန္ဒကိုပဲလက်ခံတယ်လို့ကျွန်မမြင်တယ်။ မတရားပုဒ်မတွေနဲ့လည်း ကျွန်မတို့ကတရားစွဲဆိုခံရတယ်။ ရုံးချိန်းကိုလည်း တရားလိုချိန်းချင်တဲ့အချိန်ချိန်းတယ်။” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ သင်္ကြန်တွင်းမှာ  ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ရဲ့  ဖျော်ဖြေမှုတွေဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး  ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တပ်မတော်ဘက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

ခုဆိုရင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဖမ်းဆီးခံရသူ စုစုပေါင်း ၇ ဦး ရှိပြီဖြစ်ပါတယ်။

 

#voiceofmyanmar #ဒေါင်းတို့မျိုးဆက် #လူ့အခွင့်အရေး # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW