တရုတ်သို့ သကြားတင်ပို့ရေး အစိုးရ ဖြေရှင်းပေးစေလို

ရန်ကုန် ၊ မေ ၂၃ – ၂၀၁၉

သိင်္ဂီ (VOM)

 

တရုတ်နိုင်ငံကို သကြားတင်ပို့မှု ရပ်ဆိုင်းနေရတာ ကြာမြင့်နေပြီဖြစ်လို့ သကြားကုန်သည်တွေ၊ စက်ရုံတွေအပါအဝင် ကြံစိုက်တောင်သူတွေပါ အခက်တွေ့နေရတဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက တောင်းဆိုလိုက်ပါတယ်။

 

တရုတ်နိုင်ငံဟာ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေတဆင့် တရားမဝင် ကုန်စည်တင်သွင်းခွင့် တားမြစ်တာကြောင့် သကြားတင်ပို့မှု ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

 

“လက်ကျန်သကြားတွေကလည်း  ထားစရာ ဂိုထောင်မရှိဘူး၊ အခုနှစ်ထွက်တဲ့ သကြားတွေကလည်း နည်းနည်းမှ မရောင်းရသလောက်ဖြစ်နေတယ်၊ ဒီတော့ သကြားတွေပုံသွားတယ်၊ တရုတ်အစိုးရကနေ တရားမဝင်ကုန်စည်တွေ တင်သွင်းတာကို တားမြစ်လိုက်လို့ ခုလိုဖြစ်သွားတာ၊ သကြား တရုတ်ကို ပို့တာက တရားမဝင် ပို့ရတာဆိုတော့ သူတို့ဘက်ကလည်း သေချာစိစစ်တော့ နည်းနည်းလေးတောင် ပို့လို့မရတော့ဘူး၊ ဒီတော့ တောင်သူတွေကိုလည်း ပိုက်ဆံချမပေးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ စုပုံနေတဲ့သကြားတွေကိုရှင်းထုတ်ချင်တယ်။ အစိုးရက ဖြေရှင်းပေးစေချင်တယ်။” လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးစိန်ထွန်းက ပြောပါတယ်။

 

လက်ရှိမှာ ပြည်တွင်းမှာ သကြားတန်ချိန် ၈ သိန်းဝန်းကျင်လောက် စုပုံနေတာကြောင့်  ငွေကြေးလည်ပတ်မှု အခက်အခဲတွေ ဖြစ်နေသလို ကြံစိုက်တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ပေးဖို့လည်း အခက်အခဲတွေ ဖြစ်နေလို့ နှစ်နိုင်ငံ အစိုးရချင်း ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ မေ ၂၂ ရက်နေ့က ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံချိန်မှာ အခုလို တင်ပြတောင်းဆိုခဲ့တာပါ။

 

မြန်မာနိုင်ငံက ထွက်တဲ့သကြားတွေကို တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို တင်ပို့တာတွေရှိပြီး အများစုကိုတော့ တရုတ်နိုင်ငံက ဝယ်ယူပါတယ်။ ဒီထဲမှာ တရုတ်ပြည်ကို တင်ပို့ရာမှာတော့ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ကနေတဆင့် တရားမဝင် တင်ပို့ရတာပဲ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာကနေ ၂၀၁၈ ဧပြီအထိ သကြားတန်ချိန် ၄သိန်းကျော်ထွက်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ ဧပြီထိမှာတော့ သကြား တန်ချိန် ၅သိန်းလောက် ထွက်ခဲ့တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။

 

ဒါ့အပြင် ပြည်ပကနေ သန့်စင်ပြီး သကြား Refine Sugar ကို ပြန်လည်တင်သွင်းနေရတာကြောင့် သန့်စင်ပြီး သကြားထုတ်လုပ်တဲ့ စက်ရုံတွေ မြန်မာပြည်တွင်းမှာပဲ ထပ်မံတည်ဆောက်နိုင်အောင် နိုင်ငံတော်အနေနဲ့ ပံ့ပိုးမှုတွေ လုပ်ပေးဖို့ကိုလည်း တင်ပြတောင်းဆိုခဲ့ပါတယ်။

 

လက်ရှိ ပြည်တွင်းမှာက သန့်စင်ပြီးသကြား ထုတ်လုပ်နိုင်တဲ့ စက်ရုံ ၂ ရုံသာရှိကြောင်း၊ တကယ်လို့ အစိုးရအနေနဲ့သာ သန့်စင်ပြီးသကြား ထုတ်လုပ်နိုင်တဲ့ စက်ရုံ ၃ ရုံ ၊  ၄ ရုံလောက် ထပ်မံဖော်ဆောင်ပေးတာမျိုးဖြစ်စေ ဒါမှမဟုတ် ရှိပြီးသား သကြားစက်ရုံတွေမှာပဲ ထုတ်လုပ်နိုင်အောင် စက်တွေတပ်ဆင်ပေးမယ်ဆိုရင် ပြည်ပကနေ သကြားတင်သွင်းစရာ မလိုတော့လောက်တဲ့အထိ ဖြစ်သွားမယ်လို့ သိရပါတယ်။

 

” ရှိပြီးသား သကြားစက်ရုံတွေမှာပဲ Refine Sugar ထုတ်လုပ်နိုင်အောင် လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က သိပ်မရှိပါဘူး၊ အစိုးရက ချေးငွေ ထုတ်ပေးရင် အကောင်းဆုံးပေါ့ ၊ လိုချင်တာပေါ့။  ဒါမှမဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပေးစေချင်တယ်။ ပြည်တွင်း သကြားစားသုံးမှုနှုန်းနဲ့ သကြားထွက်နူန်းနဲ့ ယှဉ်ရင်လည်း ပိုလျှံတာကြောင့် ပြည်ပကနေ တင်သွင်းရလောက်တဲ့ထိ မလိုဘူး။” လို့ အတွင်းရေးမှူး ဦးစိန်ထွန်းက ဆိုပါတယ်။

 

လက်ရှိမှာ စီးပွား၊ ကူးသန်း ဝန်ကြီးဌာနက ပြည်တွင်းမှာ ထုတ်လုပ်မှုနည်းတဲ့ သန့်စင်ပြီးသကြားကို အသုံးပြုဖို့ တကယ်လိုအပ်တဲ့ လုပ်ငန်းတွေအတွက် ပြည်ပကနေ တင်သွင်းခွင့်ပေးထားပေမယ့် တချို့လုပ်ငန်းရှင်တွေက ဒီတင်သွင်းခွင့်အပေါ် အခွင့်ကောင်းယူပြီး အပြင်မှာ ပြန်လည်ရောင်းစားနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

 

Refine Sugar ဆိုတာ ကြံကြိတ်ရာသီမဟုတ်တဲ့ အချိန်ရောက်မှ သကြားအကြမ်းထုတ်ထားတဲ့ ကုန်ကြမ်းကို အရည်ဖော်ပြီး သကြားမှုန်များအဖြစ် ပြန်လည်သန့်စင် ထုတ်လုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာ Refine Sugar ထုတ်လုပ်နိုင်တဲ့စက်ရုံ ၂ ရုံက နဝဒေးနဲ့ ကန့်ဘလူမှာ ရှိတာဖြစ်ပါတယ်။ ရိုးရိုးသကြားစက်ရုံကတော့ ၂၃ ရုံရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # တရုတ်ကိုသကြားတင်ပို့ရေးအစိုးရဖြေရှင်းပေးစေလို #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW