အီရန်နဲ့ တင်းမာနေစဉ် အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင် ငါးထောင် စေလွှတ်ရန် ပင်တဂွန် စဉ်းစားနေ

ဝါရှင်တန်၊ မေ-၂၃-၂၀၁၉

မျိုးဆက် (VOM)

 

အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ မြင့်တက်နေစဉ်မှာ  အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်ရေး အမေရိကန်စစ်ဘက်ရဲ့ တောင်းဆိုမှုတစ်ရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စဉ်းစားနေတယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဦးက မေ ၂၂ ရက်မှာ ပြောပါတယ်။

 

အီရန်ရဲ့ ရေနံတင်ပို့မှုကို လုံးဝမရှိအောင် ကြိုးစားဖို့ ဒေါ်နယ်ထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့  အီရန်က ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုပြီး ပင်လယ်ကွေ့ဒေသမှာ အမေရိကန်စစ်အင်အား တိုးမြင့်ချထားပြီးနောက် အီရန်နဲ့ အမေရိကန်တို့အကြား အပြန်အလှန်တင်းမာမှုတွေ ယခုလအတွင်း ပိုမိုမြင့်တက်နေပါတယ်။

 

အရှေ့အလယ်ပိုင်းကို တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ဖို့ အတွက် အမေရိကန်ဗဟိုစစ်ဌာနချုပ်က တောင်းဆိုခဲ့တာဖြစ်ပြီး အဲဒီ တောင်းဆိုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ခွင့်ပြုနိုင်ခြင်း ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့  အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

 

အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့   အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို အီရန်နိုင်ငံက မကြုံစဖူး ခြိမ်းခြောက်တာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုတာတွေရှိနေပြီး ဒီအတွက် တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ရေးအတွက် နောက်ဆုံးတောင်းဆိုမှုတစ်ရပ် ဖြစ်ပါတယ်။

 

ဒါပေမယ့်  အီရန်က ဘယ်လိုခြိမ်းခြောက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ တိကျတဲ့ ထောက်လှမ်းရေး အချက်အလက် သက်သေတွေကိုတော့ အမေရိကန်ဘက်က လူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုး မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနကချုပ်ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Ref & Photo : Reuters

 

#voiceofmyanmar #အီရန်နဲ့အမေရိကန်တင်းမာ #အရှေ့အလယ်ပိုင်းသို့တပ်ဖွဲ့ဝင်ငါးထောင် စလွှတ်ရန်ပင်တဂွန်စဉ်းစားနေ #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW