တရုတ်ကို အဓိကတင်ပို့နေတဲ့ ကျွဲ၊ နွားဈေးကွက် တကောင်ကို သုံးသိန်းလောက်ထိဈေးကျ

ရန်ကုန်၊ မေ ၂၉ – ၂၀၁၉

သူရိန် (VOM)

 

တရုတ်နိုင်ငံဈေးကွက်တခုတည်းကိုသာ အဓိကထား တင်ပို့နေရတဲ့ ကျွဲ၊ နွားဈေးကွက်က အခုချိန်မှာ အကျဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်နေရပြီး တကောင်ကိုကျပ်သုံးသိန်းလောက် ဈေးကျနေတယ်လို့ ကျွဲ၊ နွားကုန်သည်တွေဆီက သိရပါတယ်။

 

“တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်မှာ လုံခြုံရေးတင်းကြပ်ပြီး အဖမ်းအဆီးတွေ လုပ်နေတာကြောင့် တရုတ်က ကျွဲ၊ နွား ဝယ်လက် ကုန်သည်တွေ လာရောက်ဝယ်ယူမှု နည်းပါးသွားလို့ အရောင်းအဝယ် လျော့ကျနေတာ။ ဈေးကလျှော့ဈေးနဲ့ပဲ ရောင်းနေရတာ။” လို့ စစ်ကိုင်းတိုင်း ကျွဲ၊ နွားကုန်သည် တဦးဖြစ်သူ ဦးသောင်းခိုင်က ပြောပါတယ်။

 

အရင်က နွားတကောင်ကို ကျပ် ၂၂ ၊၂၃ သိန်းအထိ ပေါက်ဈေးရှိပေမယ့် လက်ရှိမှာ ကျပ်သိန်း ၂၀ ကနေ ၁၇ သိန်းအထိသာ ဈေးရရှိပြီး ကျွဲဈေးကွက်မှာတော့ လုံးဝ အရောင်းအဝယ်မဖြစ်တော့ဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

 

ဒါ့အပြင် အရင်က တရက်ကို ကျွဲ၊ နွားအကောင်ရေ ၂၀၀ ကနေ ၃၀၀ လောက်အထိ အရောင်းအဝယ်ပြုလုပ်ခဲ့ပေမယ့် အခု တရက်ကို ၅ ကောင်လောက်ပဲ အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ မူဆယ်ဘက် ကျွဲ၊ နွားကုန်သည်တွေဆီက သိရပါတယ်။

 

အရောင်းအဝယ်အနေနဲ့ အရင်ထက်စာရင် ၄၀ ရာခိုင်နှုန်းလောက်ပဲ ဖြစ်နေပြီး အရင်သွားနေကျ မူဆယ်လမ်းကြောင်းက အဖမ်းအဆီးပိုများတာကြောင့်လည်း အဲဒီလမ်းကြောင်းကမသွားတော့ဘဲ ချင်းရွှေဟော်လမ်းကြောင်းကနေ တင်ပို့နေကြတယ်လို့ သိရပါတယ်။

 

ကျွဲ၊ နွားတွေကို တရားဝင် တင်ပို့နိုင်ဖို့အတွက် နှစ်နိုင်ငံအကြား တရားဝင် လက်မှတ်မရေးထိုးရသေးတာကြောင့် မြန်မာနိုင်ငံက တင်ပို့တဲ့ ကျွဲ၊ နွားတွေကို တရားမဝင်ကုန်သွယ်မှုအဖြစ် သတ်မှတ်ပြီး တရုတ်နိုင်ငံဘက်အခြမ်းမှာ တရုတ်အစိုးရက ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # တရုတ်ပို့နေတဲ့ကျွဲ၊နွားတကောင်ကိုသုံးသိန်းလောက်ထိဈေးကျ #မူဆယ် ၊ချင်းရွှေဟော် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW