နျူလက်နက်ထိန်းချုပ်ရေးစာချုပ်ကို လိုက်နာဖို့ ရုရှားကို နေတိုးအဖွဲ့ သတိပေး

ဝါရှင်တန်၊ ဇူလိုင်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

ရုရှားနိုင်ငံနဲ့အတူ တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေးစာချုပ် (အိုင်အင်န်အက်ဖ် )ကို ထိန်းသိမ်းဖို့ သတ်မှတ်ချိန် ကုန်ဆုံးတော့မယ်လို့  နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်စတိုတင်ဘတ်က သတိပေး ပြောဆိုလိုက်ပါတယ်။

 

လာမယ့် သြဂုတ်လ ၂ ရက်အထိ သတ်မှတ်ထားချိန်အတွင်း စာချုပ်ပါ သဘောတူညီချက်ကို ရုရှားက ပြန်လည်လိုက်နာခြင်းမရှိဘူးဆိုရင်  နေတိုးအဖွဲ့ဟာ ကာကွယ်ရေးအစီအမံတစ်ရပ်နဲ့ တုံ့ပြန်သွားမယ်လို့ သူက ဆိုပါတယ်။

 

ရုရှားရဲ့ ဒုံးပျံတွေဟာ  နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ခြင်း၊ ခြေရာခံရန် အလွန်ခက်ခဲခြင်းနဲ့ မိနစ်အနည်းငယ်အတွင်း ဥရောပရှိမြို့ကြီးတွေကို ပစ်ခတ်နိုင်တာကြောင့် စာချုပ်ပါစည်းမျဉ်းတွေကို ချိုးဖောက်နေတယ်ဆိုတာ  ရှင်းလင်းထင်ရှားနေတယ်လို့ စတိုတင်ဘတ်က ပြောပါတယ်။

 

အိုင်အင်န်အက်ဖ်စာချုပ်ဟာ နျူကလီးယားလက်နက်ထိန်းချုပ်ရေးမှာ ဆယ်စုနှစ်များစွာ အဓိကကျခဲ့ပြီး လက်ရှိအချိန်မှာတော့  စာချုပ်ဟာ အဆုံးသတ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

 

ရုရှားကနောက်ထပ်ထုတ်လုပ်မယ့် ဒုံးပျံတွေရန်ကနေ ကမ္ဘာမြေအတွက်  မိမိတို့ကြိုတင်ပြင်ဆင်ထားရမယ်လို့ စတိုတင်ဘာတ်က ပြောပါတယ်။ ၁၉၈၇ ခုနှစ်မှာ အမေရိကန်နဲ့ ရုရှားတို့ လက်မှတ်ရေးထိုးခဲ့တဲ့ နျူကလီးယားသဘောတူညီချက်အရ တာတိုနဲ့ တာလတ်ပစ် နျူကလီးယားဒုံးပျံတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

 

ဒါပေမယ့် အဲဒီစာချုပ်ပါ စည်းကမ်းချက်တွေကို ရုရှားကချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး စာချုပ်ပါ သတ်မှတ်ချက်တွေ လိုက်နာနေတာတွေကို ဖေဖော်ဝါရီလမှာ ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာခဲ့ပါတယ်။

 

ဒီစွပ်စွဲချက်တွေကို ရုရှားက ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ကြေညာချက်ထုတ်ပြန်အပြီး မကြာခင်မှာဘဲ စာချုပ်ပါစည်းမျဉ်းတွေကို လိုက်နာနေတာတွေ ဆိုင်းငံခဲ့ပြီး လက်နက်သစ်တွေ တီထွင်ထုတ်လုပ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

 

Ref : BBC

Photo : Getty Images

 

#voiceofmyanmar #နျူလက်နက်ထိန်းချုပ်ရေးစာချုပ်လိုက်နာဖို့သတိပေး #ရုရှား #နေတိုးအဖွဲ့ #အမေရိကန် #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW