ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့ ရသေ့တောင်မှာ အင်တာနက်လိုင်း အရည်အသွေးပြည့်ဝအောင် ဖွင့်ပေးဖို့ တောင်းဆို

နိုဝင်ဘာ ၁၅-၂၀၂၀
ထက်အောင်စိုင်း (VOM)

ရသေ့တောင်မြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ကနေစပြီး ကိုဗစ် ၁၉ ဗိုင်းရပ်ရောဂါကူးစက်မှု မြင့်တက်နေကြောင်းနဲ့ အဲ့ဒီအခြေအနေတွေကြားမှာ အင်တာနက်လိုင်း ပြည့်ဝတဲ့အရည်အသွေး မရရှိတဲ့အတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ကို သတင်းပေးပို့ရာမှာ အခက်အခဲတွေရှိနေတဲ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လူထုကို ကိုဗစ် ၁၉ သတင်းအချက်အလက် ပညာပေးရာမှာလည်း အဆင်မပြေမှုတွေရှိနေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်ရှိ ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦး ပြောတာက” အင်တာနက်လိုင်းက မကောင်းတော့ သတင်းအချက်အလက်တွေ ရရှိမှုနောက်ကျတာပေါ့။ အင်တာနက်လိုင်းကောင်းတဲ့ ချောင်းကမ်းစပ်တွေ၊ တောင်ပေါ်တွေကိုတက်ပြီး လိုင်းသုံးရတယ်။ ပြည်နယ်ပိုင်းက သတင်းအချက်အလက်ပေးချင်ရင်လည်း အစုလိုက်အပြုံလိုက်ဆိုတော့ ဒုက္ခကျတာပေါ့၊ စာရွက်စာတန်းတွေနဲ့ ပေးရတာပေါ့။ ဒီလိုအခက်အခဲတွေအပေါ်မှာ အင်တာနက်ဖွင့်ပေးလို့ တောင်းဆိုချင်ပါတယ်။ အင်တာနက်ဖွင့်ပေးရင် အလုပ်လုပ်ရတာလည်း အဆင်ပြေတယ်၊ ပြည်သူလူထုကို သတင်းအချက်အလက်ပေးရတာလည်း အဆင်ပြေတာပေါ့။ အင်တာနက်ဖွင့်လို့ မရတော့ ပြည်သူတွေဆီ မရောက်နိုင်ဘူး၊ အင်တာနက်ပိတ်ဆို့ခံရတော့ ကောလဟာလ ပိုပြီး ကြီးကျယ်စေတာပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာ ရသေ့တောင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ကူးစက်ခံရသူ (၇၂) ဦးထိရှိနေပြီး အဲ့ဒီထဲမှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းက စေတနာ့ဝမ်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစု အစုလိုက်အပြုံလိုက် ကိုဗစ်- ၁၉ ကူးစပ်ခံနေရတယ်လို့ မြို့ပေါ်ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတာဝန်ရှိသူတွေနဲ့ ရသေ့တောင်မြို့နယ် ဆရာဝန်ကြီးတို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်နေချိန် ရောဂါကူးစက်ခံရသူ ကိုဘက္ကာက” ကျနော်တို့လည်း ကိုဗစ်ကာကွယ်တားဆီးရေးမှာ တာဝန်ယူလို့ လုပ်နေတဲ့ ကျနော်ကိုယ်တိုင်တောင် မနေ့က ပိုးကူးစက်ခံရတယ်။ ကျနော်ကိုယ်တိုင်ပိုးကူးခံရတော့ တပည့်တွေလည်း အကုန် (Quarantine)ဝင်နေရတယ်။ ပိုးတွေ့လူနာကတော့ ဆေးရုံဆင်းတဲ့သူတွေကိုပါ ထည့်ရေတွက်မယ်ဆိုရင် (၉၀) ကျော်လောက်ရှိတယ်။ အင်တာနက်နဲ့ပတ်သက်ပြီး တောင်းဆိုချင်တာကတော့ အင်တာနက်မရတာကလည်း (၂) နှစ်ကျော် ပြီ။ အင်တာနက်မရတဲ့အတွက် အခွင့်အရေးတွေ အများကြီးဆုံးရှုံးတာပေါ့။ ဌာနဆိုင်ရာတွေမှာလည်း အချိန်နဲ့တစ်ပြေးညီ သတင်းတွေမကျဘူး။ ကျန်းမာရေးအသိပညာပေးကအစ ဘာမှမသိကြဘူး။ ဗဟုသုတပိုင်းမှာလည်း အားလုံးပြတ်လပ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံတော်အစိုးရကို ကျနော်တို့ ဒေသတွေမှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတွေများလာတာကြောင့် ဆေးရုံကြီးအပြင် မြို့ပေါ်က စာသင်ကျောင်းတွေမှာလည်း ပိုးတွေ့လူနာတွေအတွက် နေရာထိုင်ခင်းတွေ ချပေးထားကြောင်းနဲ့ အခက်အခဲကြီးကြီးမားမားမရှိကြောင်း တာဝန်ရှိသူတွေရဲ့ ပြေပြချက်အရ သိရပါတယ်။

မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ရောဂါလက္ခဏာပြတဲ့ ကိုဗစ်အတည်ပြုလူနာ (၂၀) ဦးကို သီးသန့်ထားရှိကာ ကုသနေပြီး ပိုးတွေ့လူနာတွေထဲမှာ ရောဂါလက္ခဏာပြင်းပြင်းထန်ထန်ပြတဲ့သူ မရှိကြောင်းနဲ့ ဒီကနေ့အချိန်ထိ ရသေ့တောင်မြို့နယ်မှာ ကိုဗစ်ကြောင့်သေဆုံးသူမရှိဘူးလို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့မှာ တစ်ခြားမြို့နယ်တွေက လာရောက်သူတွေကို မြို့မ အ.ထ.က(၂)မှာ ကွာရန်တင်း ၇ရက် ထားရှိပြီး ပိုးတွေ့လူနာတွေကို ရသေ့တောင်ဆေးရုံအပြင် မြို့မ အ.မ.က(၂)၊ (၄)ကျောင်းနဲ့ မြို့တော်ခန်းမမှာ နေရာချထားကာ ပိုးတွေ့လူနာတိုးလာပါက ရသေ့တောင်မြို့ အ.ထ.က (၁) မှာထားရှိဖို့ နေရာတွေ အဆင်သင့်ပြင်ဆင်ထားပြီ ဖြစ်တယ်လို့ ကိုဘက္ကာကပြောပါတယ်။

အခုလိုမျိုး ရသေ့တောင်မြို့ပေါ်မှာ ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်လာတာကြောင့် ဦးဥတ္တမလမ်းတစ်လျှောက်လုံးကို လော့ခ်ဒေါင်းချပြီး ထိန်းချုပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် -၁၉ အတည်ပြုလူနာ (၃၁၆၇) ဦး၊ သေဆုံးသူ (၂၄) ဦး၊ ရောဂါပိုး ကင်းစင်သူ (၂၈၉၈) ဦးရှိတယ်လို့ Rakhine Covid- 19 Watch အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင် #ကိုဗစ် #အင်တာနက်လိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW