ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်

ဇန်နဝါရီ ၁၁ -၂၀၂၁
Voice Of Myanmar(VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းဖီးလင်းရွာအနီး၊ ချင်းတွင်းမြစ်ကြောင်းထဲမှာ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဆက်ကြေးလာကောက်နေတယ်လို့ ရေယာဉ်လုပ်ငန်းရှင်တွေကနေ သိရပါတယ်။

“မော်တော် ၁ စီးကို ၆ သိန်းကောက်တယ် ၊ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ မော်တော် ၁၅ စီး ပေးလိုက်ရတယ် ၊ ရှမ်းနီအဖွဲ့ကဖြစ်တယ် ၊ ရှမ်းနီအဖွဲ့လို့ ပြောနိုင်တာက ဆက်ကြေး ငွေလက်ခံဖြတ်ပိုင်း သူတို့ပြန်ပေးတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ကုန်တင်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသည်တင် ရေယာဉ်တွေ ပြေးဆွဲသွားလာခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာက ယာယီပိတ်ထားခဲ့တာဟာ ဒီကနေ့အချိန်ထိ ဖြစ်တာကြောင့် အထက်ချင်းတွင်းဒေသ ကုန်စည် ပြတ်လတ်မှုမရှိစေဖို့အတွက် ကုန်တင်ရေယာဉ်တွေဟာ မုံရွာ- ခန္တီး ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။

“မုံရွာ- ခန္တီးက ကုန်တန်ဆာက ၁ ပိဿာကို ၁၀၀ နဲ့ ၁၅၀ အကြား ယူကြတယ် ၊ ပုံမှန်တော့ မရှိဘူး။ ကုန်စည်ရှားတာနဲ့ ပေါတာအပေါ် မူတည်ပြီး ယူကြတယ်၊ ဘယ်လိုပဲ တန်ဆာခယူယူ အခုလို ဆက်ကြေး ၆ သိန်း ပေးရတော့ ဘယ်မော်တော်ပိုင်ကမှ အိတ်ထဲကစိုက်ပြီး အကုန်မခံနိုင်ဘူး ၊ နောက်ဆုံးတော့ စားသုံးသူကပဲ အဲ့ဒီငွေကို ထပ်ဆောင်းပြီး ကုန်ကြရတာ”လို့ မုံရွာ-ခန္တီး ကုန်တင်ရေယာဉ်ပြေးဆွဲနေတဲ့ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အထက်ချင်းတွင်းဒေသမှာ ၂၀၂၀ နှစ်ကုန်ပိုင်းကစလို့ ဆက်ကြေးကောက်ခံတာတွေ စိပ်လာပြီး အခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ ည ၁၀ နာရီအချိန်ကလည်း ဟုမ္မလင်းမြို့နယ်၊ တဇုံးဟင်နောင်ရွာက နေအိမ်တစ်အိမ်ကို ရှမ်းနီအဖွဲ့က ငွေကျပ် သိန်း ၇၀ ကောက်ခံသွားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း ဟုမ္မလင်းမြို့နယ်၊ ပက္ကလာကျေးရွာအုပ်စု ၊ နားနစ်ကျေးရွာနဲ့ မန်စိမ်းကျေးရွာအကြား ရွှေလုပ်ကွက်ထဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဆက်ကြေးလာကောက်တဲ့အခါ ဆက်ကြေးငွေမပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ရွှေလုပ်ငန်းရှင် ၁ ဦးကို ဆက်ကြေးလာကောက်တဲ့ လူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတဲ့အတွက် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” မိရိုးဖလာ လုပ်ငန်းဖြစ်တာရယ် ၊ အခြားအလုပ် ပြောင်းလုပ်ဖို့ အသက်ကြီးလာလို့ မဖြစ်နိုင်တာရယ် ၊ အဲ့ဒါတွေကြောင့် အခုလို မော်တော်အလုပ်ပဲ လုပ်နေရတာဖြစ်တယ် ၊ ဆက်ကြေးမပေးရင်လည်း အသက်အန္တရာယ် စိုးရိမ်ရတယ် ၊ ပေးပြန်လို့ ငွေလက်ခံ ဖြတ်ပိုင်းစာရွက်ကို သက်ဆိုင်ရာက တွေ့သွားရင်လည်း သောင်းကျန်းသူ အားပေးတယ် ဆက်သွယ်တယ်ဆိုပြီး အရေးယူခံရဦးမယ် ၊ သူတို့ပေးတဲ့ တာဝန်ကြေ ဖြတ်ပိုင်းကို သိမ်းထားရင်လည်း ကြောက်ရတယ်၊ ဖျောက်ဖျက်ပစ်လိုက်လို့ နောက်တကြိမ် ပြန်တွေ့လို့ တာဝန်ကြေ ဖြတ်ပိုင်း မပြနိုင်ရင်လည်း ထပ်ပြီး ပိုက်ဆံကုန်ရဦးမယ်၊ အခုဆို မော်တော်လုပ်ငန်းရှင်တွေ အကုန်လုံး အခက်တွေ့နေရတယ်”လို့ ကုန်တင်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းကတဆင့် ဥရုမြစ်ကြောင်းအတိုင်း ကုန်စည်ပို့ဆောင်နေတဲ့ ရေယာဉ်တွေကို ၂၀၂၁ ခုနှစ်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ရေယာဉ်တစ်စီးကို ငွေကျပ် သိန်း ၃၀ ကောက်ခံနေတဲ့အပြင် ဒေသသုံး စက်သုံးဆီ သယ်ဆောင်လာရင်လည်း စက်သုံးဆီ တစ်ပေပါကို ငွေကျပ် ၅၀၀ နူန်းနဲ့ ဆက်ကြေးကောက်ခံနေတယ်လို့လည်း သိရပါတယ်။

” ဆက်ကြေးကောက်ခံနေတယ်လို့တော့ သတင်းကြားရတယ် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အမည်ခံအဖွဲ့က ကောက်နေတာဖြစ်တယ်၊ အခု တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာရှိတယ်”လို့ ခန္တီးခရိုင် စီမံခန့်ခွဲမှုကော်မတီရုံးမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကိုဗစ် ၁၉ ဒုတိယလှိုင်း စတင်တဲ့ အချိန်ကစလို့ ခရီသည်တင် ရေယာဉ်လိုင်းတွေကို ယာယီရပ်နားမိန့် ထုတ်ပြန်ထားပေမယ့် အညာဒေသ ကုန်စည်ပြတ်လတ်မှုမရှိဖို့ ကျန်းမာဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်ကမ်းချက်နဲ့အညီ ကုန်တင်ရေယာဉ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။

” ဆက်ကြေးကောက်တဲ့ အဖွဲ့က ဆက်ကြေးငွေ မရရင် လူကိုတော့ အသက်အန္တရာယ်ပြုတာတော့ မရှိဘူး၊ တာဝန်မကြေရင် မော်တော်ကို ဖောက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စကားပြောတာတော့ရှိတယ်။ ဆက်ကြေးငွေပေးရလို့ဆိုပြီး ကုန်တန်ဆာခတွေ မြင့်တက်လာရင် အညာဒေသက စားသုံးသူတွေပဲ နစ်နာကြမှာဖြစ်တယ်”လို့ ဟုမ္မလင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းထဲမှာ ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်အသင်း ၁၈ သင်းရှိပြီး ရေယာဉ်ပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက ဆက်ကြေးငွေ မပေးနိုင်လို့ ရပ်နားထားရတဲ့ ရေယာဉ်ဟာ ထက်ဝက်ကျော်မက ရှိနေတယ်လို့လည်း သိရပါတယ်။

ကုန်တင်ရေယာဉ်တွေ ဆက်ကြေးပေးဆောင်နေရတာနဲ့ ပတ်သက်လို့ VOMက သီးခြားအတည်ပြုချက်ရဖို့ ရှမ်းနီလက်နက်ကိုင်(SNA) ပြန်ကြားရေးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ချင်းတွင်းမြစ်ကြောင်း #မော်တော်ယာဉ် #လက်နက်ကိုင် #ဆက်ကြေးကောက်

Related posts

Leave a Comment

VOM News

FREE
VIEW