အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ဆက်လက်ဆွေးနွေးဖို့ ရခိုင်လွှတ်တော်အတည်ပြု

ဇန်နဝါရီ ၁၁ -၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပေးရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီအဆိုကိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားတဲ့ အေအေအဖွဲ့ကို ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပယ်ဖျက်ပေးရေး ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို ဒီကနေ့မှာပဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဦးထွန်းသာစိန်ရဲ့အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ကာ ကန့်ကွက်သူမရှိပဲ ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုနိုင်ခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

” ဒီနေ့မှာတော့ အဆိုကို ဆက်ဆွေးနွေးဖို့ အတည်ပြုတာပေါ့ ကန့်ကွက်သူ မရှိပါဘူး။ ဒီအဆိုကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုပြီးရင် လွှတ်တော်ဥက္ကဋ္ဌကနေပြီး ပြည်နယ်အစိုးရကို ပေးပို့ရမှာပေါ့။ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို ပေးပို့ရမယ်”လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဲ့ဒီအဆိုကို တင်သွင်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အခက်အခဲမရှိစေရေးဖို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

” အဓိကရည်ရွယ်ချက်ကတော့ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အဟန့်အတား၊ အခက်အခဲတွေရှိနေတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ မြေပြင်မှာလည်း တိုက်ပွဲတွေမရှိတော့ဘူးဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဟန့်အတာမရှိရအောင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အဆိုတင်သွင်းရတာဖြစ်တယ်” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

အဆိုကို ဆက်လက်ဆွေးနွေးဖို့အတွက် ရခိုင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး ဒုတိယနေ့မှာ အဲ့ဒီအဆိုနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အေအေအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က နိုင်ငံတော်အစိုးရကနေပြီး အကြမ်းဖက်အဖွဲ့အစည်အဖြစ်ကြေညာထားကာ လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေရပ်တန့်နေပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ရခိုင် #အေအေ #အကြမ်းဖက်အဖွဲ့ပယ်ဖျက်ရေးအဆို #လွှတ်တော်အတည်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW