ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း

မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁

ဆွေလင်းထွန်း+နေလင်း(VOM)

 

အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။

 

အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။

 

အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  အစိုးရဖွဲ့ဖို့  ဖေဖော်ဝါရီ ၁ရက်မှာ အနိုင်ရကိုယ်စားလှယ်တွေ လွှတ်တော်တက်နိုင်ဖို့ အသင့်အနေအထား ပြင်ဆင်ပြီးဖြစ်နေပါပြီ ။

 

ပြည်ခိုင်ဖြိုးပါတီနဲ့ ပါတီတချို့ကတော့ ရွေးကောက်ပွဲအရှုံးကို ကျေကျေနပ်နပ်လက်ခံရမယ်ဆိုတဲ့ ဒီမိုကရေစီယဉ်ကျေးမှုကိုဘေးဖယ်ထားပြီး မဲမသမာမှုနဲ့ မမျှမတမှုကို ဆီပွတ်ကျည်ပွေ့ ဆိုသလို  အထပ်ထပ်ကြိတ်အော်နေပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတွေက အရှုံးကို လက်မခံနိုင်လို့မဟုတ်ဘဲ မဲမသမာမှုတွေရှိခဲ့လို့ ခုလိုရှင်းလင်းပွဲတွေ လုပ်နေရတာလို့ ကြုံတိုင်းပြောကြပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ကို ပြည်သူတွေ လက်ခံ၊ မခံဆိုတာကိုတော့ သတင်းဌာနတွေရဲ့ ပြည်ခိုင်ဖြိုးပါတီရှင်းလင်းပွဲ သတင်းတွေအောက်က မှတ်ချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲပြီးလို့ သုံးရက်အကြာမှာပဲ တပ်နဲ့ UEC ပေါင်းပြီး ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ “ UEC ရဲ့ အာဏာရပါတီအပေါ် ဘက်လိုက်တဲ့ အပြုအမူတွေကြောင့် ပြိုင်ဘက်ပါတီတွေ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ခုလို တောင်းဆိုရတာဖြစ်တယ်”လို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရသူ ဒေါ်အေးမင်းမိုးက ဆိုပါတယ်။

 

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တယောက်မှ မနိုင်တဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲဟာ မတရားဘူးပြောကြပါသေးတယ်။ အဲ့ဒီပါတီထဲက အချို့ကတော့ အရင် စစ်အစိုးရခေတ်က စစ်ဥပဒေချုပ်ဟောင်းနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း သရေစည်သူ ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီပါ။ အဲ့ဒီပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁၀၃ နေရာ ဝင်ပြိုင်ပေမယ့် တနေရာမှ မနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဦးစိုးမောင် ဝင်ပြိုင်တဲ့ ရေစကြိုနယ်က မဲရုံတွေတချို့ရဲ့ မဲလက်မှတ်တချို့တွေမှာ သူ့နာမည်မပါလို့ဆိုပြီး တိုင်တန်းထားပါတယ်။

 

နောက်တပါတီကတော့ NLD ကနေ ခွဲထွက်ခဲ့တဲ့ ဦးခင်မောင်ဆွေဦးဆောင်တဲ့ NDF ပါ။ သူတို့ပါတီကလည်း ၁၀၄နေရာ ပြိုင်ပေမယ့် တနေရာမှ မနိုင်ပါဘူး။

 

တပ်မတော်ကလည်း ရွေးကောက်ပွဲမတိုင်ခင်တုန်းက ရွေးကောက်ပွဲရလာဒ်ကို လက်ခံမယ်လို့ သူတို့ရဲ့ ဦးစီးချုပ်ပြောထားသလို မနေပါဘူး။ အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတဲ့ တပ်မတော်ဟာ ရွေးကောက်ပွဲရလာဒ်ကို ကန့်ကွက်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေထက်တောင် လက်စွမ်းထက်နေတာပါ။

 

အစောပိုင်းမှာ ပြည်ခိုင်ဖြိုးနဲ့ ပါတီတွေ ကန့်ကွက်တာကို ဘေးက ကြည့်နေပေမယ့် ရွေးကောက်ပွဲပြီး သုံးပတ်လောက်အကြာမှာတော့ တပ်က ဝင်ပါ ပါတော့တယ်။ အကြောင်းပြချက်ကလည်း ကောင်းပါတယ်၊ ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေရှိတယ်လို့ ကြားရတာကြောင့် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ်တွေက မဲစာရင်းတွေကို စိစစ်မယ် ဆိုတာပါ။ အဲ့ဒီလို စိစစ်နိုင်ဖို့အတွက် UEC ကနေ မဲစာရင်းတွေ ထုတ်ပေးဖို့လည်း တပါတည်း တောင်းဆိုပါတယ်။

 

UEC ကလည်း မဲစာရင်းတွေကို ထုတ်ပေးရင် ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီတဲ့အတွက် မပေးနိုင်ဘူးလို့ ဥပဒေတွေနဲ့ ကိုးကားပြီး တုံ့ပြန်ခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ တပ်ကလည်း သူ့နည်းသူ့ဟန်နဲ့ မဲစာရင်းတွေကို စိစစ်ပါတော့တယ်။ UEC က နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်း ပုံစံ ၁တွေကို ကိုးကားပြီး စိစစ်တာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ ပုံစံ၁ မရတဲ့ မြို့နယ်တွေမှာတော့ ဒုတိယအကြိမ်ထုတ်တဲ့ ပုံစံ၁တွေကို စိစစ်တယ်လို့ သူတို့ ထုတ်ပြန်တဲ့ မဲစိစစ်ချက်တွေမှာ ထည့်ရေးထားပါတယ်။

 

မဲစာရင်းစိစစ်ချက်တွေဆိုပြီး တပ်မတော်က ထုတ်ပြန်နေတာ ခုဆိုရင် ၂၅ကြိမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်သားတွေ မဲပေးခဲ့တာ ၂၁၈ မြို့နယ်ရှိခဲ့တယ်လို့ တပ်က ဆိုပေမယ့် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ခုထဲက ၃၁၄မြို့နယ်က မဲစာရင်းတွေကို စိစစ်ခဲ့တာပါ။ ချီဖွေမြို့နယ်ကတော့ စာရင်းမရလို့ မစစ်ရဘူးလို့ ဆိုပါတယ်။

 

တပ်က စိစစ်ချက်တွေအရ မှတ်ပုံတင်ကဒ်တူ အမည်တူ၊ မှတ်ပုံတင်ကဒ်တူ မိဘအမည်တူ၊ မှတ်ပုံတင်ကဒ်တခုတည်းနဲ့ မဲစာရင်း ၃ကြိမ်၊ ၄ကြိမ်၊ ၅ကြိမ်၊ ၆ကြိမ်အထိ ပါနေသူ စတဲ့ မဲမသမာမှုပြုနိုင်တဲ့ မဲစာရင်းပေါင်း ၇.၆သန်းကျော်ရှိတယ်လို့ သိရပါတယ်။

 

UEC ကတော့ တပ်က လုပ်နေတဲ့ မဲစိစစ်ချက်တွေကို ညွှန်းဆိုပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ပျက်ဖို့နဲ့ ရွေးကောက်ပွဲရလာဒ်ကို လက်မခံတဲ့သဘော သက်ရောက်မယ့် ထုတ်ပြန်ချက်တွေ၊ ဆောင်ရွက်ချက်တွေမလုပ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေကို အသိပေးခဲ့ပါတယ်။

 

တပ်နဲ့ ပါတီအချို့ရဲ့ ရွေးကောက်ပွဲရလာဒ်အပေါ် ကန့်ကွက်နေတာကို UEC က တုံ့ပြန်ဖြေရှင်းမှုမလုပ်တာဟာ UEC ဘက်က မမှန်လို့ ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးမဟုတ်တဲ့ အခြားပါတီရဲ့ ဗိုလ်ချုပ်ဟောင်း ကိုယ်စားလှယ်လောင်း တဦးက သုံးသပ်ပါတယ်။

 

“တပ်ကလည်းပြောတယ်၊ ပြည်ခိုင်ဖြိုးကလည်းပြောနေရဲ့နဲ့ UEC က ဘာလို့ ထွက်မရှင်းလဲဆိုတော့ သူ့ဘက်ကမမှန်လို့ မရှင်းရဲတာပေါ့”

 

ဦးတင်အေးကော်မရှင်လက်ထက်မှာ ကြိုတင်မဲတွေ နောက်ကျမှရောက်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်တာတွေရှိလာရင် ကန့်ကွက်သူရဲ့ရှေ့မှာတင် မဲစာရွက်တွေကို ဖောက်စစ်ဖို့ ပြောဖူးပေမယ့် ဦးလှသိန်းကတော့ အဲ့ဒီလိုမပြောရဲဘူးလို့လည်း အဲဒီ ဗိုလ်ချုပ်ဟောင်းက ထောက်ပြတယ်။ သူပြောသလို UEC က ဘာလို့မရှင်းသလဲဆိုတော့ ဥပဒေသမားတွေဖြစ်တဲ့ UEC လူကြီးတွေပဲ သိနိုင်မှာဖြစ်ပါတယ်။

 

အမျိုးသားရေးသမားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ ဆန္ဒပြတဲ့ နည်းလမ်းတွေနဲ့လည်း မဲမသမာမှုတွေအကြောင်း မြန်မာနဲ့ ကမ္ဘာကသိအောင် ပြကြပါတယ်။ VOM က စုဆောင်းရရှိထားတဲ့ သတင်းတွေအရ အမျိုးသားရေးသမားတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဆန္ဒပြတာဟာ ရွေးကောက်ပွဲပြီးကတည်းကဆိုရင် အကြိမ် ၃၀ကျော်အထိ ရှိနေပါပြီ။ မြန်မာနိုင်ငံက မြို့ကြီးတွေနဲ့ နိုင်ငံခြားသံရုံးတွေရှေ့မှာပါ ဆန္ဒပြကြတာပါ။ ဆန္ဒပြကြတဲ့ထဲက ထူးခြားတဲ့ ကြွေးကြော်သံကတော့ တပ်မတော်ကို ထောက်ခံပြီး UEC ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တယ်ဆိုတာပါ။

 

“တပ်မတော်က ဒီမိုကရေစီလမ်းစဥ်ကို ဖောက်ပေးခဲ့တာ၊ နိူင်ငံတော်အလံက တစ်လူလူလွှင့်နေတာ၊ တပ်မတော်နဲ့ပြည်သူတွေရဲ့ အသက်သွေးချွေးကြောင့် လွှင့်နေတာ၊ အခုအစိုးရမှာ ၂၀၂၀ ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေ ဖြေရှင်းဖို့ တာဝန်ရှိတယ်၊ တပ်မတော်လက်နက်ကိုင်ထားတာဟာ နိူင်ငံတော်ကိုကာကွယ်ဖို့ဖြစ်ပြီး လိုအပ်လာပါက ပြည်သူတွေအနေနဲ့ တပ်မတော်နဲ့အတူ လက်နက်ကိုင်တိုက်ပွဲဝင်သွားဖို့ လိုအပ်​တယ်” ဆိုပြီး အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီက ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်မိုးမိုးခိုင်က ဒီဇင်ဘာ ၂၈ရက်မှာ လုပ်ခဲ့တဲ့ ရန်ကုန်၊ မဟာဗန္ဓုလပန်းခြံရှေ့က တပ်မတော်ထောက်ခံပွဲမှာ ပြောခဲ့တာတွေ့ရပါတယ်။

 

တပ်မတော်က တိုင်းပြည်ကိုကယ်တင်ပေးဖို့၊ တိုင်းပြုပြည်ပြု လူထုတွေ့ဆုံပွဲနဲ့ နေပြည်တော်က ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ အထိမ်းအမှတ်ကျောက်တိုင် စိုက်ဖို့ဆိုပြီး ရန်ကုန်ကနေ နေပြည်တော်ကို ချီတက်ကြဖို့ အဲ့ဒီပါတီက အတွင်းရေးမှူးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့် ဦးဆောင်ပြီး လူမှုကွန်ယက်ကနေ လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။

 

ရွေးကောက်ပွဲရလာဒ်ကို ကန့်ကွက်တဲ့နေရာမှာ တပ်မတော်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ပူးပေါင်းတာမျိုးမရှိဘူးလို့ အစောပိုင်းမှာ ဆိုထားပေမယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုမှုကိုတော့ ပူးပေါင်းခဲ့တာ တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ တပ်ကိုယ်စားလှယ် ၁၆၀က ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်ပါတီတွေနဲ့ ပေါင်းပြီး လွှတ်တော်နာယကကို တောင်းဆိုတာပါ။ လွှတ်တော်ကလည်း အခြေခံဥပဒေပါ ပုဒ်မတွေနဲ့ ကိုဗစ်ရောဂါကို အကြောင်းပြပြီး ဒုတိယအကြိမ်လွှတ်တော်ခေါ်ဖို့ကို ပယ်ချခဲ့ပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ ရွေးကောက်ပွဲကန့်ကွက်တဲ့ နောက်ပုံစံတမျိုးကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ စာချွန်တော် လျှောက်ထားတာပါ။ လျှောက်ထားသူတွေက အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဦးစိုးမောင်နဲ့ မန္တလေးကရှေ့နေ ဦးဇော်ဝိတ်တို့ဖြစ်ပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဌ၊ UEC ဥက္ကဌတို့ လျှောက်ထားခံရတာ ဖြစ်ပါတယ်။ အဲ့ဒီအမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံဖို့သင့်မသင့် လာမယ့် ဇန်နဝါရီ ၂၉ရက်မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။

 

တပ်က မဲစာရင်းစိစစ်ချက်တွေဆိုပြီး ထုတ်ပြန်နေတာတွေ၊ တပ်မတော်ထောက်ခံပွဲနဲ့ UEC ကန့်ကွက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာဟာ တပ်နဲ့ NLD အစိုးရကြား ပွတ်တိုက်မှုကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

 

“ပြောမယ်ဆိုလို့ရှိရင်တော့ အဲ့ဒါ တပ်မတော်နဲ့ NLD အစိုးရကြား ပွတ်တိုက်မှုပဲဗျ။ ၂၀၁၅ ခုနှစ် တက်လာပြီးနောက် အမျိုးသားရင်ကြားစေ့ရေးလို့ NLD က ကြွေးကြော်ခဲ့ပေမယ့် တကယ်တမ်းက ရင်ကြားစေ့နိုင်တဲ့ အနေအထားက လိုအပ်နေတယ်။ ထိပ်ပိုင်းတပ်မတော်ခေါင်းဆောင်နဲ့ NLD အစိုးရခေါင်းဆောင်ပိုင်းတွေ့ဆုံမှုတွေက ကျဲကျဲလာတာတွေ့ရတဲ့သဘော ဖြစ်လာတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့တဲ့ သတင်းဓာတ်ပုံမျိုး မတွေ့ရတာ ကြာပြီလေ။ အဲ့တော့ ဒီပွတ်တိုက်မှုတွေက ပြင်းထန်လာတယ်လို့ပဲ ထင်ပါတယ်။ အဲ့တော့ တွေ့ဆုံဆွေးနွေးမှုမရှိတဲ့ အခြေခံအပေါ်မှာ ဒီပွတ်တိုက်မှုတွေ ကွဲလွဲမှုတွေ ပြင်းထန်လာတာက ဒီရွေးကောက်ပွဲမတိုင်မီ နှစ်လနဲ့ ခုရွေးကောက်ပွဲပြီး နှစ်လ လေးလမှာတော့ သိသိသာသာ မြင်ရတယ်လို့ပဲ ပြောရပါမယ်”

 

ဇန်နဝါရီ ၂၀ရက်နေ့မှာတော့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အစိုးရ၊ လွှတ်တော်နဲ့၊ ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ဆိုပြီး တပ်မတော်က သဘောထား ထုတ်ပြန်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(င) အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ဖို့ တာဝန်ရှိတဲ့အတွက် ခုလိုမျိုး မဲစိစစ်တာတွေ လုပ်နေရတာဆိုတဲ့ အချက်ကို ထည့်ပြောထားပါတယ်။ ဒါ့အပြင် တပ်မတော်က ပုဒ်မ၂၀(စ)အရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကို လိုလားတယ်လို့လည်း ဆိုပါတယ်။

 

ဦးမောင်မောင်စိုးက NLD အစိုးရနဲ့ တပ်မတော်ကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အဓိပ္ပါယ်ဖွင့်ဆို အသုံးပြုပုံချင်း မတူကြတဲ့အတွက် အဲ့ဒီမတူညီမှုတွေကို ဘယ်လိုရင်ကြားစေ့မယ်ဆိုတဲ့ ပြဿနာက အရေးကြီးမယ်လို့ သူ့အမြင်ကို ပြောပါတယ်။

 

တပ်မတော်အာဏာသိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကို လူတစုကနေ အကောင့်တုတွေနဲ့ လူမှုကွန်ယက်မှာ မကြာမကြာ ဖြန့်ဝေနေတာတွေလည်း ရှိပါတယ်။

 

၁၉၈၈ ကစပြီး တပ်မတော်အစိုးရ လက်အောက်မှာ ဆယ်စုနှစ် ၃ခုနီးပါး နေခဲ့ရတဲ့ ပြည်သူတွေကတော့ နိုင်ငံကို တပ်မတော်အစိုးရက ထပ်ပြီးအုပ်ချုပ်မှာ လိုလားကြပုံမရပါဘူး။

 

ချောက်ထဲကျဖို့ လက်တလုံး၊ နှစ်လုံးအလိုအနေအထားရောက်နေပြီဆိုပြီး အာဏာသိမ်းတာထက်စာရင် တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအရ ရနေတဲ့ အာဏာက သူတို့အတွက် ပိုပြီးတော့ တင့်တယ်နေတဲ့အတွက် အာဏာသိမ်းဖို့ ဖြစ်နိုင်ခြေကတော့ မရှိသလောက် နည်းပါတယ်။

 

ဦးမောင်မောင်စိုးကလည်း “ခုအနေအထားမှာ ကြည့်တာတော့ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေဘောင်ထဲက ပုဒ်မတွေကိုပဲ သုံးစွဲကာကွယ်ပြောဆိုနေတာ တွေ့ရတယ်။ သူကတော့ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သူဆိုတဲ့ အနေအထားနဲ့ ပြောဆိုနေတာ တွေ့ရတဲ့အတွက်ကြောင့်မို့ အာဏာသိမ်းဖို့ဆိုတာထက် ၂၀၀၈ အခြေခံဥပဒေက ပုဒ်မတွေကိုပဲ သုံးစွဲပြီး ရှေ့ဆက်လိမ့်မယ် ထင်ပါတယ်” လို့ ပြောပြီး တပ်မတော်က အာဏာသိမ်းဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

 

ရွေးကောက်ပွဲအငြင်းပွားမှုတွေဟာ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့  ဖြေရှင်းရမယ်လို့ ဦးမောင်မောင်စိုးက မြင်ပါတယ်။

 

“ဒါက အမျိုးသားရင်ကြားစေ့ရေး ပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးအကျပ်အတည်းဖြစ်တယ်။ နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာက ပိုကောင်းတယ်လို့ မြင်တယ်”

 

လာမယ့် ရက်ပိုင်းတွေအတွင်း မိုးပေါ်ထောင်မပစ်ဘူးဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ ချောက်ထဲကျမှာစိုးလို့ ကယ်တင်လိုက်ရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာမလားဆိုတာကတော့ တပ်မတော်ခေါင်းဆောင်တွေရဲ့ ဉာဏ်ပညာနဲ့ ပြည်သူတွေအပေါ် စေတနာဘယ်လောက်ရှိလဲဆိုတဲ့အချက်တွေက အဆုံးအဖြတ် ပေးသွားမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ မြေစာပင်တွေမို့ ကြားထဲကနေ ပွဲကြည့်ရင်း ဘယ်သူတွေက ကယ်တင်မလဲ ဘယ်သူတွေက ချောက်ထဲတွန်းချမလဲဆိုတာ ရင်သပ်ရှုမော စောင့်ကြည့်နေကြကြောင်းပါ။

Related posts

Leave a Comment

VOM News

FREE
VIEW