ဖမ်းဆီးခံရသူအားလုံးကို အင်းစိန်ထောင်တွင်း ယာယီတရားရုံးမှာပဲ အမှုစစ်ဆေးမယ်

ရန်ကုန်၊မတ် ၂၃ ၊၂၀၂၁
အေးချမ်းသူ

ရန်ကုန်မြို့နယ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းရယူရင်းဖမ်းဆီးခံရတဲ့ သတင်းသမားတွေအပါအဝင် ဖမ်းဆီးခံရသူတွေအားလုံးကို မနက်ဖန် မတ် ၂၄ ရက်ကစပြီး အင်းစိန်ထောင်တွင်း ယာယီတရားရုံးတွေမှာပဲ စစ်ဆေးသွားမယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို အခမဲ့အမှုလိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေဒေါ်နီလာခိုင်က “မနက်ဖြန်ကစပြီး ဖမ်းဆီးခံရသူတွေကို ထောင်တွင်းမှာ စစ်ဆေးမယ် ဒီနေ့ကျွန်မတို့ကိုတရားသူကြီးတွေက ခေါ်ပြောတယ်။ စစ်ခုံရုံးတော့မဟုတ်ဘူး။ ယာယီတရားရုံးပဲ၊ အပြင်ထုတ်ဖို့ မလွယ်လို့” လို့ VOMကို ပြောပါတယ်။

အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးမှာ အမှုစစ်ဆေးရာမှာ အမှုတစ်မှုကို ရှေ့နေတစ်ဦးသာ ဝင်ရောက်ရမှာဖြစ်ပြီး ခွင့်ပြုထားတဲ့ တရားသူကြီးလက်မှတ်လည်း ပါရှိမယ်လို့ ဆက်ပြောပါတယ်။

န.စ.အ ကောင်စီလက်ထက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို အမှုဖြစ်ပွါးရာမြို့နယ်တွေက တရားရုံးတွေမှာ ရုံးထုတ်စစ်ဆေးရမှာ ဖြစ်ပေမယ့် မတ်လ၂၄ရက်နေ့မှစတင်ပြီး အင်းစိန်ထောင်တွင်း တရားရုံးမှာသာ စစ်ဆေးဖို့ ဒီနေ့ မတ် ၂၃ ရက်မှာ အသိပေးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ အမှုလိုက်ရှေ့နေတွေဆီက သိရပါတယ်။

တပ်မတော်က အာဏာရယူပြီးနောက် ဖေဖော်ဝါရီ၁ရက်ကနေ မတ်လ ၂၂ရက်နေ့အထိ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေ၊ ကျောင်းသားတွေနဲ့ ဆန္ဒပြပြည်သူဖမ်းဆီးခံရသူ စုစုပေါင်း၂၆၈၂ ဦး ရှိပြီး အမှုဖွင့် တရားစွဲဆိုခံထားရသူပေါင်း၂၃၀၂ ဦးရှိတယ်လို့ AAPP က မတ်လ ၂၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

#VoiceOfMyanmar #VOM #အင်းစိန်ထောင် #ယာယီတရားရုံး

Related posts

Leave a Comment

VOM News

FREE
VIEW