ရန်ကုန်မှာ ဒီကနေ့(၁)ရက်တည်း ဗုံး၁၄ကြိမ်ပေါက်

ရန်ကုန်၊အောက်တိုဘာ ၁၀-၂၀၂၁
KK(VOM)
 
စစ်အုပ်ချုပ်ရေးရှိနေတဲ့ ရန်ကုန်တိုင်းက မြို့နယ် (၈)မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၁၀ရက်နေ့ တစ်ရက်တည်း ဗုံး ၁၄ကြိမ်ပေါက်ခဲ့တယ်လို့ ဗုံးပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေက သိရပါတယ်။
 
ဒီကနေ့ မနက်အစောပိုင်း ၅နာရီကနေ နေ့လယ် ၁နာရီအထိ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သန်လျင်၊ဒလ၊သင်္ဃန်းကျွန်းတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ပုဇွန်တောင်နဲ့မြောက်ဥက္ကလာတို့မှာ မပေါက်ကွဲသေး
တဲ့ ဗုံးတွေတွေ့ရှိခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
 
သာကေတမြို့နယ်၊ ( ၄ )ရပ်ကွက်အနီး ရှုခင်းသာလမ်းမပေါ်က ရေတပ်စခန်းအနီးမှာ ဒီကနေ့မနက် ၈နာရီဝန်းကျင်က ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး စစ်သား(၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပေမယ့် VOMအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။
 
အလားတူ နေ့လည်ပိုင်းမှာလည်း (၁၀/တောင်) ရပ်ကွက်၊၁၀၈ တောင်ဘုရားမြောက်ဘက်မုခ်အနီးမှာ ဗုံးပေါက်ခဲ့ရာ အမျိုးသမီးတဦးလက်ကောက်ဝတ်ကြေမွဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် သန်လျင်မြို့နယ်၊အောင်မင်္ဂလာရပ်ကွက်၊ ဗဟိုမူ/လွန်ကျောင်းနဲ့ ခရိုင်တရားရုံးကြားမှာ ဒီကနေ့နေ့လယ် ၁၂နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ လမ်းလျှောက်လာသူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ခဲ့ပြီး သန်လျင်ဆေးရုံကြီးကိုပို့ဆောင်စဉ် တဦးမှာစိုးရိမ်ရလို့ ရန်
ရန်ကုန်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ထားရတယ်လို့ အောင်မင်္ဂလာရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အငှားယာဉ်တစ်စီးပေါ်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲက ဗုံးပေါက်ခဲ့ရာ ယာဥ်မောင်းထိခိုက်ဒဏ်ရာရရှိပြီး ခရီးသည်မှာ လက်ချောင်းများပြတ်ထွက်သွားကာ စံပြဆေးရုံကြီးကိုပို့ဆောင်ခဲ့ရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။
 
ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်၊ ဒလ-တွံတေးကားလမ်းဘေး၊ မြို့နယ်လျှပ်စစ်ရုံးရှေ့နဲ့ဗိုလ်ရန်ပြေရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာလည်း ဗုံးနှစ်လုံးပေါက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒေါပုံမြို့နယ် ၊ဗမာအေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်ရှိ ဗမာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက်ဖက် အိမ်သာအနီးမှာလည်း ဒီကနေ့မနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။
 
မြောက်ဒဂုံမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ဗုံး၆ကြိမ်ပေါက်ခဲ့ပြီး ဗုံးပေါက်ကွဲခဲ့တဲ့နေရာတွေကတော့ ၃၂ရပ်ကွက်၊ ရွှေပြည်သာ ၂ လမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးဗုံး ၂ လုံး၊ ပင်လုံလမ်းမပေါ်က KBZ Bank ATM အနီးမှာ ဗုံး ၁ လုံး၊ ထားဝယ်ချောင်ရဲစခန်း အနီးမှာ ဗုံး ၃ လုံး ပေါက်ခဲ့တာပဲဖြစ်ပါတယ်။
 
ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၅ရပ်ကွက်၊ ပတ္တမြားလမ်းမှာလည်း ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဖမ်းဆီးခံရသူအချို့လည်းရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုများအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကို စစ်တပ်နဲ့ရဲတွေက မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံအနီးနဲ့ ပုဇွန်တောင်မြို့နယ် Ochrid ဟိုတယ်အနီးမှာလည်း တွေ့ရှိခဲ့လို့ သိမ်းဆည်းသွားခဲ့တယ်လို့ ဗုံးတွေ့ရှိရာမြို့နယ်တွေက သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW