ရန်ကုန်မြစ်ထဲက လှေသမ္ဗန်လှော်ခတ်သူတွေ

အေးချမ်းသူ(VOM)
 
တဖွဲဖွဲကျနေတဲ့ မိုးစက်တွေနဲ့အတူ ရန်ကုန်မြို့ပန်းဆိုးတန်းဆိပ်ကမ်းမှာ သမ္ဗန်စီးဖို့စောင့်နေတဲ့သူတွေ သမ္ဗန်ပေါ်ကဆင်းလာတဲ့ခရီးသည်တွေ ဆိပ်ကမ်းရဲ့လမ်းဘေးဝဲယာမှာ အော်ဟစ်ရောင်းချနေတဲ့ စျေးသည်တွေရဲ့အသံနဲ့အတူ ဆူညံနေပါတယ်။
 
ကမ်းနားတဝိုက်မှာလည်း ဒလကနေ ရန်ကုန်ကိုလာပြီး အလုပ်လာလုပ်သူတွေ ရန်ကုန်ကနေ ဒလကို လူနဲ့ကုန်ပစွည်း အပြန်အလှန်ပို့ပေးတဲ့ သမ္ဗန်တွေနဲ့ ရှုပ်ထွေးလို့နေပါတယ်။
 
လှိုင်မြစ်ထဲက လှေကြီးလှေငယ်တွေကြားမှာ တိုးဝေ့လို့ သွားလာလှုပ်ရှားနေရတဲ့ သမ္ဗန်မောင်းသူတွေကလည်း မိသားစုစားဝတ်နေရေးအတွက် မလုံ့တလုံမိုးကာစလေးတွေကို ပတ်ကာ သမ္ဗန်တွေကိုလှော်ခတ်နေကြပါတယ်။
 
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ထဲမှာပါဝင်တဲ့ ဒလမြို့နယ်ဟာ ရန်ကုန်မြစ်နဲ့အနီးကပ်ဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။
 
ဒလမြို့နယ်ဟာ ယခင်က ကျေးရွာတခုဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ထဲကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
 
ဒလမြို့နယ်ဟာ ဧရိယာစတုရန်းမိုင် ၁၀.၉၃ ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၂၃)အုပ်စု၊ ရွာပေါင်း (၄၅)ရွာနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။
 
နေ့စဉ်ဒလမြို့နယ်ကို ဖြတ်သန်းကာ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဧရာဝတီတိုင်းက ခရီးသွားပြည်သူတွေဟာ ရန်ကုန်မြို့ကို နေ့စဉ်သွားလာမှုက အများအပြားရှိနေပါတယ်။
 
ဒေသခံတွေဟာ ရန်ကုန်မြို့ထဲကိုလာဖို့ သမ္ဗန်လှေငယ်တွေ အသုံးပြုရတာဖြစ်လို့ မိုးတွင်းမှာ သွားလာရေးခက်ခဲပြီး နှစ်စဉ် ရေယာဉ်မတော်တဆမှုတွေကြောင့် လူသေဆုံးမှုတွေရှိပါတယ်။
 
ဒလဘက်ကနေ ရန်ကုန်ကိုနေ့စဥ်ပြေးဆွဲနေတဲ့ သမ္ဗန်ပေါင်း ၅၂၂ စီးရှိပြီး သမ္ဗန်တစ်စီးကို လူ၅ ဦးအထိသာ တင်ဆောင်ပြေးဆွဲခွင့်ပြုပြီး လူတဦးကို ငွေ၃၀၀ကျပ်သာ ပေးဆောင်ရတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။
 
“အရင်က လူတစ်ယောက်ကို ၁၅၀ ဆယ်ယောက်တင်တယ်၊ ကိုဗစ်ကာလမှာ လူလျှော့ပြီးတင်တာ ၇ဦး ၂၀၀နဲ့၊ နောက်ထပ်ကိုဗစ် ဒုတိယလှိုင်းကျတော့ ၅ဦးပဲတင်တော့မယ် တစ်ယောက် ၃၀၀၊ ပြောရရင် ဒီစျေးပါပဲ လူလျှော့သွားတာပဲရှိတယ် တစ်စီးလုံးကို၁၅၀၀လေ”လို့
ဒလဘက်မှ ရန်ကုန်သိမ်ကြီးစျေးကို အလုပ်လာလုပ်တဲ့
ကိုသူရက ပြောပါတယ်။
 
ဒလဘက်ကနေ ရန်ကုန်ကို လာရောက်သူတွေကတော့ အစိုးရဝန်ထမ်း၊ကုမ္မဏီဝန်ထမ်းများ၊စက်ရုံအလုပ်ရုံ အလုပ်သမားတွေ ရဟန်းသံဃာတော်တွေနဲ့ကျောင်းသူကျောင်းသားတွေပဲ ဖြစ်ပါတယ်။
 
စက်တပ်သမ္ဗန်များနည်းတူ ချယ်ရီသင်္ဘောဆိုတာလည်း ရှိနေပြီး အဲ့ဒီချယ်ရီသင်္ဘောဟာ လူတစ်ဦးကို ၁၀၀ကျပ်နဲ့ ပြေးဆွဲနေပေမယ့် ခရီးကြန့်ကြာမှုရှိတာကြောင့် မစောင့်နိူင်တဲ့သူတွေက သမ္ဗန်တွေကိုသာအများအားဖြင့်စီးကြတယ်လို့ ကိုသူရကပြောပါတယ်။
 
သမ္ဗန်မောင်းသူတွေဟာ အုံနာကြေး ၊ဆီဖိုး ၊ဂိတ်ကြေးပေးပြီးပါက တစ်နေ့ကို ၅၀၀၀ ၊၆၀၀၀ခန့်သာ ရရှိတယ်လို့ သမ္ဗန်မောင်းသူတွေကနေ သိရပါတယ်။
 
သမ္ဗန်မောင်းသူတဦးက”အုံနာကြေး ၂၀၀၀ တချို့က ၂၅၀၀ ပိုင်ရှင်အပေါ်မူတည်တယ်၊ ဆီကတဗူးကို တစ်ထောင်ကျော် တနေ့ကို ဆီ၃ဗူးလောက်ထည့်ရတယ်၊ ဂိတ်ကြေးက ၁၀၀၀ ၊ အဲ့ဒါတွေနှုတ်ပြီးရင် တစ်နေ့ကို ၅၀၀၀ ၊၆၀၀၀ လောက်တော့ကျန်တယ်”လို့ ပြောပါတယ်။
 
ရန်ကုန်မြစ်ကို နေ့စဉ်ဖြတ်သန်းပြီး ခရီးသွားတွေပို့ဆောင်ပေးတဲ့ စက်တပ်သမ္ဗန်ကို မောင်းနှင်မယ့်သူတယောက်ဟာ ကျွမ်းကျင်မှုနဲ့အတူ ထောက်ခံချက်တွေ လိုင်စင်တွေပါမှသာ မောင်းနှင်ခွင့်ရရှိတာ ဖြစ်တယ်လို့
သမ္ဗန်မောင်းသူတွေဆီက သိရပါတယ်။
 
“ကျွမ်းကျင်မှ မောင်းလို့ရမှာ၊ မကျွမ်းကျင်ပဲမောင်းရင် မြစ်ထဲမှာ ပန်ကာဒိုက်ပတ်ပြီးစက်ရပ်သွားရင် အန္တရာယ်ရှိတယ်၊ အဲ့ဒီလိုစက်ရပ်ရင် လိုရာခရီးကို တက်နဲ့လှော်တတ်ရမယ်”လို့ သမ္ဗန်မောင်းသူတဦးက ပြောပါတယ်။
 
ရန်ကုန်မြစ်ထဲမှာ သမ္ဗန်မောင်းသူတွေရဲ့အဓိကပြဿနာ
ဟာ ပန်ကာနဲ့ဒိုက် ငြိတွယ်ခြင်းပဲဖြစ်တယ်လို့ သူကပြောပါတယ်။
 
“ဘောအောက်မှာရှိနေတဲ့ ဒိုက်တွေ ပီနံအိတ်တွေနဲ့ ပန်ကာဒလက်နဲ့.ငြိသွားရော၊ အဲ့ဒီအချိန် သင်္ဘောဘေးနဲ့သွားရိုက်တယ် သမ္ဗန်ကိုဆွဲမှောက်လိုက်သလိုဖြစ်သွားတယ်၊ မထိန်းနိူင်ရင်မှောက်တာပဲ၊ သမ္ဗန်မောင်းတာလည်း ကားမောင်းသလိုပဲ ရှေကြည့်ရမယ် နောက်ကြည့်ရမယ် ဘေးဘီဝဲယာကိုကြည့်ပြီးမောင်းရတာ”လို့ ရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့နှစ်တွေက စက်တပ်သမ္ဗန် ပန်ကာကိုဒိုက်ပတ်ခဲ့တာကြောင့် လှေတွေမျောပါပြီး နစ်မြုပ်ခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်ခဲ့လို့ လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။
 
ရန်ကုန်မြစ်ထဲ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ စက်တပ်သမ္ဗန်မောင်းသူတွေမှာ အခက်အခဲတွေရှိသလို သမ္ဗန်တည်ထောင်ထားတဲ့ ပိုင်ရှင်တွေဘက်မှာလည်း အငှားမောင်းသူတွေရဲ့ အုံနာကြေးပုံမှန်ပေးသွင်းမှုမရှိတာတွေ၊ သမ္ဗန်ပျက်ပါက ပြန်လည်ပြင်ဆင်ရာမှာ
ကုန်ကျစရိတ်ကြီးမြှင့်တွေကြောင့် အခက်အခဲရှိတယ်လို့ ပိုင်ရှင်အချို့ဆီက သိရပါတယ်။
 
“အစ်ကို့လှေဆို ၂၀၀၉ကတည်းက ကျပ်၂၀၀၀အခုချိန်ထိပဲ၊ ကိုယ်တိုင်လည်း သမ္ဗန်မောင်းစားဖူးတော့ ၂၀၀၀ပဲတောင်းတယ်၊ ဒါတောင်ပုံမှန်မရဘူး၊ တစ်လကို ခြောက်သောင်းနဲ့ငှားတယ် နားရက် ၄ရက်ပေးရတယ် ၅၂၀၀၀ပဲရတယ်၊ ဟိုတနေ့က သမ္ဗန်ပြင်ရတယ် ၁၂သိန်းကျတယ်၊ ပြင်ဆင်တဲ့ အရင်းကျေဖို့ဆို အစ်ကိုအနေနဲ့ ၂နှစ်လောက်စောင့်ရမယ်”လို့ သမ္ဗန်ပိုင်ရှင်တဦးက ပြောပါတယ်။
 
သမ္ဗန်တစ်စီးလုံးရဲ့တန်ဖိုးဟာ လိုင်းတစ်လိုင်းကို ၃သိန်းကျပ်၊ သမ္ဗန်တစ်စီး ၁၀သိန်းကျပ်၊စက် ရှပ်လိုင်း အထိုင်အစရှိတဲ့ပစ္စည်းတန်ဖိုး ၃သိန်း စုစုပေါင်း ၁၆သိန်းလောက် ကုန်ကျတယ်လို့ ပိုင်ရှင်တွေဆီက သိရပါတယ်။
 
သမ္ဗန်တစ်စီးကို ကာလပေါက်စျေးအနေနဲ့ ၁၅သိန်းကနေ သိန်း၇၀အထိရှိပြီး မောင်းနှင်သူတွေကိုပြန်လည်ငှားရမ်းရာမှာ ပိုင်ရှင်တစ်ဦးနဲ့တစ်ဦး အုံနာကြေးသတ်မှတ်နှုန်း မတူညီတာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
သမ္ဗန်ထောင်သူတွေအနေနဲ့ တစ်စီးတည်း တည်ထောင်မယ်ဆိုပါက အဆင်ပြေမှုမရှိဘဲ သမ္ဗန်အစီးရေအများအပြားထောင်ထားသူတွေကသာ ရလာတဲ့ငွေ ကိုက်ညီမှုရှိတယ်လို့ သမ္ဗန်ပိုင်ရှင်တဦးကပြောပါတယ်။
 
သမ္ဗန်ခတ်သူတွေကို ကျွမ်းကျင်မှသာ ပြေးဆွဲခိုင်းတာဖြစ်ပြီး သမ္ဗန်ခတ်တက်သူ၊ စက်မောင်းတက်သူ၊ ရေကြောင်းနားလည်သူ၊ရာသီဥတုအကြောင်း နားလည်သူ၊ကျွမ်းကျင်မှုရှိသူ၊ ရေကူးတက်သူ စတဲ့ အခြေခံအချက်အလက်တွေအပေါ်မူတည်ကာ ကြီးကြပ်ရေးအဖွဲ့ စစ်ဆေးပြီး လိုင်စင်ထုတ်ပေးတာဖြစ်တယ်လို့ ကမာအောင်စက်တပ်ရေယာဥ်ကြီးကြပ်ရေးဥက္ကဌ ဦးတင်နီကပြောပါတယ်။
 
“ဦးလေးတို့က ကျွမ်းကျင်မှုအပေါ်အခြေခံပြီး ထောက်ခံပေးတာ၊ လိုင်စင်ကို မြို့နယ်ထွေ/အုပ်က ထုတ်ပေးတာ၊ ရန်ကုန်မြစ်ထဲမှာ သမ္ဗန်ပြေးဆွဲသူတွေအနေနဲ့ မြို့နယ်ထွေ/အုပ်က ချပေးတဲ့ လိုင်စင်၊ရေကြောင်းပို့ဆောင်ရေးကထုတ်ပေးတဲ့ လိုင်စင်၊အသက်အာမကြေး လိုင်စင်၊ယာဥ်မောင်းလိုင်စင်၊တိုင်း ပို့/လတ်က လိုင်စင် (၅)မျိုးကိုင်ဆောင်ထားရတယ်”လို့ ဥက္ကဌဦးတင်နီက ရှင်းပြပါတယ်။
 
မိုးရွာထဲမှာ သမ္ဗန်မောင်းနေသူတွေအတွက် မိမိအသက်ထက် ခရီးသည်သွားလိုတဲ့ဆိပ်ကမ်းကို အဆင်ပြေချောမွှေစွာရောက်ရှိရေးအတွက် ဂရုစိုက်မောင်းနှင်ကြရပါတယ်။
 
ဒလမြို့နယ်မှာ သမ္ဗန်ဆိပ် ၁၁ ဆိပ်ရှိပြီး သမဝါယမ ၅ ဆိပ်၊ကြီးကြပ်ရေး ၅ဆိပ်၊ လက်ခတ်သမ္ဗန်ဆိပ် ၁ဆိပ်ရှိပြီး သမ္ဗန်အစီးရေ ၅၂၂ စီးရှိတယ်လို့ ကြီးကြပ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
 
လူဦးရေ ၈.၇သန်းရှိတဲ့ ရန်ကုန်မြို့မှာ လူမှုဘဝဖွံ့ဖြိုးစေဖို့အတွက် ဒလဘက်ကနေ လာရောက်အလုပ်ကိုင်သူတွေနဲ့ ရန်ကုန်ကနေ ဒလမြို့ဘက်ကို ကူးသန်းရောင်းဝယ်ကြတဲ့သူတွေအတွက် ရန်ကုန်မြစ်ထဲက စက်တပ်သမ္ဗန်တွေဟာ အရေးပါလှပါတယ်။
 
နေပူမရှောင်၊မိုးရွာမရှောင် ခရီးသည်တွေကို အန္တရာယ်ကင်းစွာမောင်းပို့ပေးပြီး သမုဒ္ဒရာဝမ်းတစ်ထွာဆိုတဲ့ စကားအတိုင်း မိသားစုစားဝတ်နေရေးအတွက် ရုန်ကန်းနေရတဲ့ သမ္ဗန်မောင်းသူတွေရဲ့ဘဝကလည်း အန္တရာယ်များလှပါတယ်။
 
“အခြားအလုပ်လည်း ဘာမှမလုပ်တက်ဘူးလေ၊ ငယ်ငယ်ကတည်းက သမ္ဗန်ခတ်လာတာ၊ အန္တရာယ်များတယ်ဆိုတာတော့သိတယ်၊ မတက်နိူင်ဘူးလေ လုပ်ရမှာပဲ မိသားစုစားဝတ်နေရေးက ရှိသေးတယ်”လို့ သမ္ဗန်မောင်းသူတဦးကပြောပါတယ်။
 
ပန်းဆိုတန်းကမ်းနားဆိပ်မှာ ဒလဘက်ကလာတဲ့ သမ္ဗန်တွေကို ကမ်းပေါ်ကပ်အောင် ကူဆွဲပေးနေချိန် မျက်နှာပေါ်ကျနေတဲ့ မိုးစက်တွေသုတ်ရင်း” ၅ ယောက်ပြည့်ရင် နောက်တစ်စီးထွက်မယ်ဟေ့ “လို့ ပြောလိုက်တဲ့ သမ္ဗန်မောင်းသူရဲ့အသံဟာ မိုးသဲသံတွေထက် ပိုမိုကျယ်လောင်နေပါတော့တယ်။
 
#voiceofmyanmar #VOM #ဆောင်းပါး #သမ္ဗန်လှော်ခတ်သူတွေ

Related posts

Leave a Comment

VOM News

FREE
VIEW