ကုက္ကိုပင်ကြီးတွေအောက်က ဂူလေးနှစ်လုံး

ဆူးငှက်

မိုးတွင်းအခါ ရွှေတချောင်းမြောင်းကိုဖြတ်၍ ရွာဟိုင်း သုဿာန်သို့သွားသော လမ်းကို သတိရမိ၏။ ရေက ဒူးလောက်။ ငွေတောင်တိုက် တံတိုင်းဘေးနှင့် သုဿာန်အဝင်ဝမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်ပုံများမှ တိရစ္ဆာန် အသေကောင်များနှင့် အမှိုက်များက ရေထဲမှာ ခြေချစရာမရှိအောင်ပေါလော။ တစ်ခါတရံ နာရေး ပို့သော ကားတွေ ထိုပင်လယ်ကို မဖြတ်နိုင်၍ ရပ်တန့်ကာ ရေထဲဆင်းလျှောက်ရ၏။ သားရေပုပ်နံ့များကလည်း ဟောင်လို့။ ယခုမြင်ရသော မဟာအောင်မြေအားကစားကွင်းနှင့် ဈေးဆိုင်ခန်းများနှင့် မြင်ကွင်းကား ယခင်ကနှင့် ဘာမှမဆိုင်။

အပြောင်းလဲကြီး ပြောင်းလဲသွားသော မြင်ကွင်းများဖြစ်သည်။ ယခင်က မန္တလေးတွင် သုဿာန်ပေါင်းများစွာ ရှိသည့်အနက် ထိုနေရာရှိ ရွာဟိုင်းသုဿာန်သည် အကြီးဆုံးနှင့် သက်တမ်းရှည်သုဿာန်ကြီးဖြစ်လေသည်။ ထို့အပြင် မြို့လယ်ခေါင်အကျဆုံး သုဿာန်ကြီးလည်းဖြစ်၏။

လူနှစ်ယောက် ဖက်မနိုင်သော သစ်ပင်ကြီးတွေက သုဿာန်မြေကို
အုပ်မိုးထားသည်။ သရဏဂုံတင် ဇရပ်ကြီးသုံံးဆောင်ကလည်း မြောက်ဘက်ထိပ် ကုက်္ကိုပင်ကြီးတွေအာက်မှာ ဝပ်စင်း …။

ဇရပ်ကုသိုလ်ရှင် ရွှေလက်ဝါးဆေးတိုက်ပိုင်ရှင်ကြီး၏ ကောင်းမှုဆိုင်းဘုတ်ကြီးကလည်း ဆေးမပြယ့်တပြယ်နှင့် ဇရပ်ထဲမှာနေရာယူထား၏။ အပူရှိန်ပြင်းထန်လှသော တန်ခူး၊ ကဆုန်လဆိုလျှင်
သရဏဂုံတင်ဇရပ်များမှာ နေရာမဆန့်တာ့၊ ဘာဝနာတရားဓာတ်ပြားသံ တညံညံ၊ ရေစက်ချ အမျှဝေသံ တဝီဝီ။ အော်ဟစ်ငိုယိုသံ တဆူဆူ၊ နာရေးပို့ ဘတ်စ်ကားစက်သံများက တဒီးဒီး …။

ဟို…ရွာဟိုင်းဈေးဘက်က…။ ဟိုး… မစိုးရိမ်ကျောင်းတိုက်ဘက်ကလည်း ထပ်မံပို့ဆောင်လာသည့် နာရေးများဆီကလည်း ရွတ်သံဖတ်သံတသဲ့သဲ့ ကြားလာရပြီ။ နာရေးတစ်ခုကတော့ အနီးအနား ရပ်ကွက်ကမို့ ထင်ပါရဲ့။ ကုတင်နှင့် ထမ်းချလာ၏။ မျက်နှာမွဲပေမို့ ပို့ဆောင်သူ သိပ်မပါလှ၊ ထဘီစွန်တာင်စွဲ မိန်းမ လေး၊ငါးဦး…။ ကုတင်ထမ်းလာသော မူးယစ်နေသူ ယောက်ျားကြီး လေး၊ငါးဦး…။

ဇရပ်ကြီးတွေရှေ့က ကွက်လပ်ကြီးမှာတော့ ကားတွေကွေ့ကြ၊ နောက်ဆုတ်ကြ၊ ပြန်ထွက်ကြ။ မြင်းလှည်းများက ဘီးကြားတံပမာထိုးသော တောက်တောက်တောက်တောက် အသံပြုကာ ဇက်ကြိုးကိုတုံ့ဆွဲရင်း လမ်းဘက်ထွက်၏။ ပန်းရထားမှ ကျန်ရစ်သော ဆက်တွန့်စက္ကူစတွေက မပြောင်ပြောင် ဟိုတစ်စ သည်တစ်စ။ သုဿာန်မှာ နေပုံရသော ကလေးတွေက ဆက်တွန့် စတွေ၊ ယပ်တောင်တွေကောက်ယူနေကြသည်။ တချို့ကတော့ ကုက်္ကိုပင်ကြီးတွေအောက် အရိပ်မှာထိုင်ရင်း
သရဏဂုံတင်အပြီး စောင့်နေသည်။

စီခနဲ ငိုသံကြားကာ နာရေးသေတ္တာကိုမပြီး ဇရပ်နောက်ကျောဘက် ဝင်သွားမှ ထလိုက်သွားကြ၏။ ဇရပ်နောက်ကျောမှာ လူသွားလမ်းလေးက ခြုံပင်တွကြား၊ အုတ်ဂူတွေကြား၊ သက်တမ်းရင့် ကုက္ကိုပင်ကြီးတွေအောက်က သစ်ရွက်ခြောက်တွေ အဖွေးသားနှင့် ဟို…တောင်ဘက်ထိ ခပ်ဝေးဝေးရောက်အောင် ဆွဲဆောင်သွားသည်။

နာရေးပို့လေတိုင်း၊ မရိုးနိုင်တာက ထိုလမ်းကလေး ဘေးတစ်ဖက်တစ်ချက် အုတ်ဂူတွေပေါ်က ကမ္ဗည်းစာတွေ ဖတ်ကြည့်တာပဲပေါ့။
“နေပြည်တော် အသံထွက်ရုပ်ရှင်ရုံပိုင်ရှင်ကြီး ဦးဘယ်သူ အသက်ဘယ်နှနှစ်”” “ဟော တွဲရက်ဂူက သူ့ဇနီး တဲ့”” “ဟယ် ဒါက ဂူအသစ် အသက်ငယ်ငယ်လေး””ဟာ ဒီဂူတွေက မိသားစုလေ””စသည်ဖြင့် သည်နေရာမှာပြောနေကျစကားတွေ ပြောဖြစ်ကြသည်။ တစ်ခါတရံ ကျွန်တော်တို့သည် လမ်းကလေးဖဲ့ထွက် ဝင်သွားရသောနေရာမှ အုတ်ဂူလေးတစ်လုံးဆီလည်း သွားကြသေး၏။

ကုက္ကိုပင်ကြီးတစ်ပင်အောက်ရှိ ဂူကလေးဒီဇိုင်းက မရိုး…။ သို့သော် မဆန်း၊ ထို့ထက် စိတ်ဝင်စားမိသည်က ဂူကလေးထိပ်မှာ ကပ်ထားသော ကျောက်ပြားထပ်က ဂီတသင်္ကေတများ …။ သီချင်းစာသားများ…။
“ပြာရီမှိုင်းကာ မို့မို၊ ညို့ညို့ညိုလွင်”” စာဆိုတော်မြို့မဆရာငြိမ်း၏ ဂူကလေး…။ ထိုဂူကလေးကို ကြည့်ပြီးတိုင်း ပတ္တာရပ်ထဲ တမာပင်အောက် ဝါးကွပ်ပျစ်ကလေးနှင့် ဖိနပ်ကလေးတစ်ရံ…။ ထို့နောက် အပြင်းမောင်းလာသော အုတ်ကား တစ်စီး…။ ထို့နောက်၊ ထို့နောက်…။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက ဆရာငြိမ်းအကြောင်း သတိတရပြောလိုက်ကြတာ ညအထိမဆုံးနိုင်။ တစ်ယာက်လိုတာ တစ်ယောက်ဖြည့်၊ တစ်ယောက်ကြားတာ တစ်ယောက်ပြော၊ သီချင်းလေးတွေ ဆိုပြီးပြရ။ ရွတ်ပြရ…။
မသန်း
အနောက်ဘက် ထရံကပ်ထားသော
စာအုပ် အပုံထဲက အင်္ဂလိပ်လို
“ငှက်” စာအုပ်ပေးလိုက်ပါ။
ညိန်း …ဟုဆိုသော သူ့ပေးစာလေးအကြောင်းထိ မကျန်ပြောဖြစ်ကြ၏။

နောက်တော့ ရွာဟိုင်းသုဿာန်ရာက်လျှင် ဆရာငြိမ်းဂူကလေးသာမက လမ်းကလေး၏ အရှေ့ခြမ်း ခပ်လှမ်းလှမ်းမှာရှိတဲ့ ကုက္ကိုပင်ကြီး တစ်ပင်အောက်မှာလည်း မထင်မရှား ပါးလှပ်လှပ်ဂူကလေးဆီ လည်း သွားဖြစ်အောင် သွားကြရသည်။ ဂူကလေးက တကယ့်မထင်မရှား…။ အုတ်ရိုးလေးက မြေပေါ်မှာ ဘာမှမမြင့်။ အခြားဂူတွေအောက် ပျောက်ကွယ်လုမတတ်။ အင်္ဂတေအချောပင် ကိုင်မထား။ ကမ္ဗည်းစာမှာတော့ ““ရဲဘော် ဗဟိန်း”တဲ့..။ သြော်…သခင်ဗဟိန်း…။ ဗိုလ်ချုပ်အောင်ဆန်းချစ်သော၊ ဒဂုန်တာရာချစ်သော “ကိုဗဟိန်း”။ လွတ်လပ်ရေးအတွက် ဘဝနှစ်ကာ လုပ်ကိုင်ခဲ့ရင် …။ဝေဒနာကြောင့် လူ့လောကကို မစွန့်ခွာမီပင် အကွဲအပြဲကြောင့် စိတ်ဖြောင့် မသွားခဲ့ရှာသော ကိုဗဟိန်း …။

ကျွန်တော်ကား ကိုဗဟိန်း၏ နောက်ဆုံးနေ့များကို ဖတ်ရှုရလေတိုင်း
မာလျကြေကွဲနေမိသည်။ လွတ်လပ်ရေးအတွက် ဒဂုန်တာရာနှင့် နှစ်ယောက်တည်း မြေလတ်ပိုင်းခရီးထွက်ကြတော့ သင်္ဘောဆိပ်ရောက်တိုင်း သူ့ချစ်သူ မမကြီးထံ စာရေးစက္ကူပြာလေးနှင့် စာတွေရေးပြီး စာပို့လေ့ရှိသူ…။

လွတ်လပ်ရေးအတွက် ရှမ်းပြည်နယ်ကတစ်ဆင့် တရုတ်တပ်နီတော်နှင့် ဆက်သွယ်ဖို့ကြိုးစားရင်း လားရှိုး ဝတ်လစ်စလစ် လမ်းမကြီးပေါ်က လရောင်အောက်မှာ ဒဂုန်တာရာကို “နိုင်ငံတော်နှင့် တော်လှန်ရေးကျမ်း” ဆွေးနွေး သူ…။

၁၉၄၅-မတ်လ ဂျပန်တော်လှန်ရေးပြီးသောအခါ သခင်ဗဟိန်းကျန်းမာရေး မကောင်း…။ နှလုံးရောဂါပြန်ထလာသတဲ့…။ ထိုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌ၊ သူက ဗမာပြည်ကွန်မြူနစ်ပါတီမှာ တာဝန်ယူသည်။ ကျန်းမာရေးဆိုးလာတော့ ရန်ကုန်မှာ မနေဘဲ မန္တလေးပြောင်း၏။ အာဠဝီတံတားအနီးက မိဘအိမ်ပြောင်းသည်။ ထိုမှ တစ်ဆင့် အခု အ-ထ-က(၉) စိန့်ပီတာကျောင်း၌ဖွင့်ထားသော ဆေးရုံသို့တက်ရ၏။

ရောဂါက မသက်သာ…။ပြင်းထန်…။ ထို့အတူ မြန်မာပြည်နိုင်ငံံရေးမှာလည်း ဖဆပလနှင့် ကွန်မြူနစ်ပါတီ အကွဲအပြဲကလည်း ပြင်းထန် …။ တိုင်းပြည်အတွက် အနစ်နာခံ လက်တွဲလုပ်ကြသူ အချင်းချင်း ကွဲကြပြဲကြသည့် သတင်းကို လူမမာအား အသိမပေးဖို့ ဆရာဝန်က တားမြစ် ထား၏။

ထိုအခါနေ့စဉ်ထုတ် သတင်းများကိုပင် ကိုဗဟိန်းထံ မပို့ရဟု ဆရာဝန်က ကန့်သတ်ထားသည်။ ကိုဗဟိန်းရှေ့နိုင်ငံရေးသတင်း မပြောရဟု ပိတ်ပင်ထား၏။ဖြစ်ချင်တော့ ဘီတီဘုရားသားကုမ္ပဏီက လူမမာထံ အမြဲပို့သော ပေါင်မုန့်နှင့် ကော်ဖီမှုန့်ထုတ်သည့် ဂျာနယ်ကျော်သတင်းစာတွင် “ဖဆပလ ခါးပိုက်ထဲက ကွန်မြူနစ်မြွေပွေး”ဆိုသော သတင်းနှင့် သရုပ်ဖော်ပုံကို ဖတ်မိကြည့်မိလိုက်တော့ ကိုဗဟိန်းမှာ ထိုကတည်းက ရောဂါ ပိုသည်းလာသည်။

သူချစ်သော သူ့ရဲဘော် ဖဆပလ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက သူ့ဆီလာကာ လူမမာမေး အားပေးမည့် ရက်ကိုပင် မစောင့်နိုင်တော့ဘဲ သခင်ဗဟိန်းကား ၁၉၄၆-ခု၊ နိုဝင်ဘာ ၂၀ရက် နံနက်(၅)နာရီခွဲတွင် ကွယ်လွန်ခဲ့၏။

ဗိုလ်ချုပ်အောင်ဆန်း မန္တလေးလေယာဉ်ကွင်းတွင် နံနက်(၇)နာရီကျော်
ဆိုက်ရောက်တော့ နာရေး သတင်းက ဆီးကြိုနေတော့သည်။ ဗိုလ်ချုပ်က အသုဘအိမ် တောက်လျှောက်သွားကာ ဇနီးဒေါ်ခင်ကြီး(ခေါ်)ဒေါ်မမကြီးကို အားပေးသည်။

မိဘများကိုလည်း “နိုင်ငံခြားမှာ ကုရင် ပျောက်မည့်ရောဂါမို့ သူနဲ့တွေ့ပြီး စီစဉ်ဖို့လာတာ အခုတော့ လွန်သွားကုန်ပြီ” ဆိုနင့်စွာ ဝမ်းနည်းစကားဆိုသည်ဟု ဖတ်မှတ်ရဖူးသည်။

၁၂၇၉-ခု၊ ဝါဆိုလတွင် မွေးဖွားခဲ့သူမို့ သခင်ဗဟိန်း ကွယ်လွန်တော့
အသက်(၂၉) နှစ်ပဲ ရှိသေး၏။ အိမ်ထောင်ကျအပြီး(၇)နှစ်မှာ ကွယ်လွန်ခြင်းဖြစ်သည်။ သူရဲကောင်းများကား အသက်၃၀မပြည့်မီပင် တိုင်းပြည်အတွက် အလုပ်အများကြီးလုပ်ကာ ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်အားဘဲ အသက်စွန့်ခဲ့ကြသည်။

သုဿာန်၏ မြောက်ဘက်ခြမ်းတွင် ဇရပ်များ သစ်ပင်အုပ်ကြီးများ အုတ်ဂူများနှင့် မှိုင်းညို့နေသော်လည်း တောင်ဘက်ခြမ်းမှာတော့ အထပ်ထပ်ဖြစ်သလို မြှုပ်နှံသော မြေကျင်းများကြောင့် ပွစာတက် နံစော်နေ ၏။ အရိုးများက ထိုးထိုးထောင်ထောင်၊ သေတ္တာပျဉ် အကျိုးအပဲ့များက ကိုးလိုးကန့်လန့်။ တောင်ဘက်စွန်းရှိ သားသတ်ရုံမှ သားရေပုပ်နံ့၊
သားရေစိန်ရည်နံ့များကား သုဿန်သရုပ်ကို အတိုင်းထက်အလွန် အကျည်းတန် သွားစေ၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW