တောင်ဒဂုံမှာ ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး အမျိုးသမီးဖြစ်သူသေဆုံး

ရန်ကုန်၊ဒီဇင်ဘာ ၄-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ ကျန်စစ်သားလမ်းနဲ့ရတနာပုံလမ်းထောင့်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးလင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အမျိုးသမီးဖြစ်သူသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
” ဒီနေ့နေ့လယ် ၂ နာရီက ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးဇနီးမောင်နှံကို သေနတ်သမားတွေက ပစ်ခဲ့တာ၊ ကျနော်တို့စုံစမ်းကြည့်တော့ ဒဂုံအရှေ့က ရာအိမ်မှူးလင်မယားလို့ပြောတယ်၊ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ သူ့ယောက်ကျ်ားလည်း ဒဏ်ရာအတော်ပြင်းတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
 
သေနတ်နဲ့ပစ်ခတ်ခံရသူနှစ်ဦးဟာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၃ ရပ်ကွက်မှ ရာအိမ်မှူး ကိုသန့်ဇင်နဲ့ ဇနီးဖြစ်သူ မဇင်ဇင်သိုက်တို့ဖြစ်ပြီး ဒဂုံအရှေ့ကနေ ဒဂုံတောင်ကိုသွားစဉ် နောက်ကနေ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
 
ပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူရဲ့ ဝဲဖက်ရင်အုံထိမှန်ပြီးအခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ကိုသန့်ဇင်မှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
 
လက်တလော မြို့အဝင်ဂိတ်တွေမှာ စစ်တပ်နဲ့ရဲတွေက ဆိုင်ကယ်တွေကို စစ်ဆေးရှာဖွေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း တိုက်ကြီးမြို့နယ်၊တွံတေမြို့နယ် နဲ့ သာကေတမြို့နယ်တို့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှစ်ဦးနဲ့ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး တဦး သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #တောင်ဒဂုံ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW