ကျင်စန်းကျော့ဂိတ်ကို တရုတ်ဘက်က ရုတ်တရက်ပိတ်

မတ် ၂-၂၀၂၂
VOM (GG)
 
မြန်မာ – တရုတ်နယ်စပ် အဓိကကုန်သွယ်ရာဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ကို ဒီကနေ့ မတ်လ ၂ ရက်နေ့ကစပြီး ယာယီပြန်လည်ပိတ်လိုက်တယ်လို့ မြန်မာကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
ကျင်စန်းကျော့ဂိတ်ကနေ ကုန်သွယ်ရာတွက် ရှန်တိန်ကားမောင်းနေတဲ့ တရုတ်ယာဉ်မောင်းတွေထဲက ယာဉ်မောင်း တစ်ဦးမှာ အိုမီခရွန်မျိုးကွဲသစ်ကိုဗစ်ပိုးတွေ့ရှိရတာကြောင့် နယ်စပ်ဂိတ်ကို ပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
 
” ဒီမနက် ၂ ရက်နေ့ မနက်၆နာရီ ကစပြီးတော့ ပိတ်လိုက်ပါတယ်၊ဘယ်နှရက်ပိတ်မယ်ဆိုတာကတော့ ရက်တော့သိပ်မကြာပါဘူး။မကြာခင်ပြန်ဖွင့်မယ်ကြားပါတယ်။ပိုးတွေ့တာက ရှန်တိန်မောင်းတဲ့ယာဉ်မောင်းပဲ ၊သူတို့တရုတ်နိုင်ငံသားပဲ သူ့ကိုအကောက်ခွန်ဂိတ်မှာစစ်လိုက်တော့ အိုမီခရွန်ပိုးတွေ့တာ။ “လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ် ။
 
ကျင်စန်းကျော့ဂိတ်အပြင် ကချင်ပြည်နယ်ထဲက လွယ်ကျယ်နယ်စပ်ဂိတ်ကိုလည်း မနေ့မတ်လ ၁ ရက်နေ့ကစပြီးပိတ်လိုက်ကြောင်း၊ ချင်းရွှေဟော်ဂိတ်ကိုလည်းဖေဖော်ဝါရီလ ၂၆ ရက်နေ့ကတည်းက ပြန်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါကြောင့် ကျင်စန်းကျော့ဂိတ်ကို နောက်ထပ်တက်လာမယ့် ဖရဲသခွားကားတွေကိုလည်း မလာဖို့နဲ့ ဂိတ်ပြန်ဖွင့်မှသာ လာဖို့ စာထုတ်အသိပေးထားတယ်လို့ သိပါတယ်။
 
လက်ရှိ ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ဘက်ကို ကုန်ပို့ဖို့ရောက်ရှိနေတဲ့ ဖရဲသခွားကား အစီးရေ ၁၀၀ လောက်ပိတ်မိနေတယ်လို့ သိရပါတယ်။
 
ကျင်စန်းကျော့ဂိတ်ကိုပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ၂၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း၊ ကျင်စန်းကျော့ ဂိတ်ကနေ တရုတ်ဘက်ကို ဆန်၊ ဆန်ကွဲ၊ပဲ၊ပြောင်း စတဲ့စားသောက်ကုန်ပစ္စည်းတွေတင်ပို့နေပြီး တရုတ်ဘက်ကတော့ လျှပ်စစ်ပစ္စည်း၊အိမ်ဆောက်ပစ္စည်း၊ဓာတ်မြေသြဇာ စတဲ့စားသောက်ကုန်တွေလည်း တင်သွင်းနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကျင်စန်းကျော့ဂိတ်ကို #တရုတ်ဘက်က #ရုတ်တရက်ပိတ်
ပုံစာ – ယခင်ကပုံဟောင်း

Related posts

Leave a Comment

VOM News

FREE
VIEW