မုံရွာ-ကလေး-တမူးဘက်က ကားသမားတွေ အသွားအလာ မရှိသလောက်ကျဲတဲ့အတွက် အလုပ်လက်မဲ့ဖြစ်နေ

မတ် ၄-၂၀၂၂
စိုးပိုင် (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာရှိတဲ့ ကားသမားတွေဟာ အခုနှစ် ၊ နှစ်ဆန်းပိုင်းကစလို့ ဂေါက်ကြေး နှစ်ဆနီးပါး တိုးရပေမယ့် ကားဆက်မမမောင်းရဲတာကြောင့် အလုပ်လက်မဲ့ ကားသမားအရေအတွက်ဟာ သိသိသာသာ တိုးလာနေတယ်လို့ မုံရွာကုန်စည်ပို့ဆောင်ရေး ကားသမား အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
” မုံရွာ ကလေး တမူး ဂေါက်ကြေးက တစ်ခေါက်ကို ၆ သောင်းနဲ့ ၈ သောင်း အကြားမှာရှိတယ် ၊ ကားသမား ရှားလာတဲ့အတွက် ဂေါက်ကြေး တစ်သိန်းဝန်းကျင်ပေးခေါ်တာကို မောင်းမဲ့သူ မရှိဘူး ” လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
 
ကုန်တင်ကားမောင်းသူတယောက်ကလည်း “မုံရွာ ဂန့်ဂေါ ကလေး တမူး လမ်းပိုင်းမှာလည်း အစစ်အဆေး များတယ် ၊ မုံရွာ ၊ ရေဦး ၊ တန့်ဆည် ၊ ကလေးဝ ၊ တမူးလမ်းပိုင်းမှာက မဟာမြိုင်တကျော ကြောက်ရတယ် ၊ မုံရွာ ၊ ယာကြီး ၊ ကလေးဝ ၊ တမူး ကားလမ်းကတော့ ဘယ်ကားမှ မသွားရဲတာကြောင့် လမ်းကြောင်း ပိတ်ထားတယ် ၊ စစ်ဆေးတာက ကားပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေကို ကုန်လက်ခံတန်ဆာစာရွက် ( ကုန်ဖောင်) နဲ့ တိုက်ပြီး စစ်ဆေးတယ် ၊ ဦးပိုင်ထုတ်ကုန်တွေနဲ့ အရက်ဘီယာ စီးကရက် တွေ့ရင် ကားရော လူပါ ပြဿနာရှာခံရတယ် ၊ အဲ့ဒီလို ပြဿနာကြောင့် ကားသမားတွေ အသက်ဆုံးရတာတွေရှိလို့ အဲ့ဒီလမ်းပိုင်းကို မမောင်းရဲကြတာ ” လို့ ပြောပါတယ်။
 
မုံရွာ-ဂန့်ဂေါ-ကလေး-တမူး ကားလမ်းနဲ့ မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝ-တမူး ကားလမ်းတွေမှာ မိုင်းစထိမှန်ပြီး ကားသမားတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့သလို ကားပေါ်မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က ထုတ်လုပ်တဲ့ စားသောက်ကုန်နဲ့ ယမကာကုန်တွေ တွေ့ရတဲ့အတွက် ကားရော လူပါ ဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ကားသမားတွေဟာ အဲ့ဒီ လမ်းကြောင်းကို ဂေါက်ကြေး နှစ်ဆ နီးပါး တိုးမြင့်ရကြပေမယ့် မမောင်းရဲကြတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းကနေ အခုနှစ် ဖေဖော်ဝါရီ လကုန်အထိ မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းမှာ ခရီးသည်တင်ကား ၄ ကြိမ် ၊ ကုန်တင်ကား ၆ ကြိမ် ၊ မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ ခရီးသည်တင်ကား ၃ ကြိမ် ၊ ကုန်တင်ကား ၅ ကြိမ် ၊ မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝ ကားလမ်းမှာ လူနာတင်ကား ၄ ကြိမ် ၊ ခရီးသည်တင်ကား ၅ ကြိမ် ၊ ကုန်တင်ကား ၇ ကြိမ် ၊ ကလေး-တမူးကားလမ်းမှာ ခရီးသည်တင်ကား ၂ ကြိမ် ၊ ကုန်တင်ကား ၄ ကြိမ် ဌာနဆိုင်ရာကား ၃ ကြိမ် မိုင်းစထိမှန်ပြီး လူတချို့ သေဆုံး၊ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
 
” ဂေါက်ကြေး ထိုက်ထိုက်တန်တန်ရမယ့်ရာသီဆိုတော့ ကားမောင်းချင်ပါတယ်၊ လမ်းပန်း လုံခြုံရေး အာမခံချက် မရှိတော့ နားထားရတယ် ” လို့ ကုန်တင်ယာဥ်မောင်း တယောက်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ကုန်သွယ်ရေး ပင်မလမ်းတွေမှာ ကားသမားတွေက လုံခြုံမှုမရှိဘူးလို့ပြောတာနဲ့ ပတ်သက်ပြီး စစိကိုင်းတိုင်း အစိုးရအဖွဲ့ လမ်းပန်းဝန်ကြီးဌာနကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ပုံစာ – မုံရွာ-ကလေးကားလမ်းမှာ ကုန်ကားမိုင်းထိမှန်တဲ့ပုံ
#voiceofmyanmar #VOM #စစ်ကိုင်း #ကားသမား #အလုပ်လက်မဲ့ဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW