စစ်ကိုင်းတိုင်းမှာ အင်တာနက်လိုင်းတွေပြတ်တောက်လို့ အွန်လိုင်းစျေးသည်တွေ အလုပ်မဖြစ်ဘဲ နားထားရ

မတ် ၁၀ -၂၀၂၂
SP (VOM)
 
စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၃၀ ကျော်မှာ မိုလ်ဘိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရပြီးနောက်ပိုင်း အွန်လိုင်း စျေးသည်အများစုဟာ အမှာကုန်တင်သွင်းမှုစာရင်း မရတော့တဲ့အတွက် အလုပ်တွေ ရပ်နားထားရတယ်လို့ အွန်လိုင်းစျေးသည်တွေဆီက သိရပါတယ်။
 
” အွန်လိုင်းကနေ စျေးရောင်းပါတယ် ၊ အဓိက ကုန်စည်ကတော့ စားသောက်ကုန် ချက်ဟင်းမျိုးစုံဖြစ်ပါတယ် ၊ လိုင်းပေါ်ကနေ မှာယူတဲ့ ဟင်းပွဲ အရေအတွက်ကို ကြော်ချက်ပြီး ရောင်းတာပါ ၊ အခုလ ၃ ရက်ကနေ ဒီကနေ့ ၁၀ ရက်အထိ တပတ်လုံးလုံး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် မှာယူသူ တစ်ဦးမှ မရှိဘူး ၊ အဲ့ဒါကြောင့် အလုပ်မဖြစ်လို့ နားထားရတာပါ “လို့ ချက်ဟင်းမျိုးစုံ အွန်လိုင်း စျေးသည်တယောက်က ပြောပါတယ်။
 
ဒါ့အပြင် အလှကုန်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေတဲ့ စျေးသည်တဦးကလည်း ” အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ အရောင်းအဝယ် လုံးဝမဖြစ်ဘူး နားထားရတယ် ၊ ကျွန်မတို့က အွန်လိုင်းပေါ်ကနေ ပစ္စည်းကြော်ငြာတယ် ၊ ရောင်းတယ် ၊ ဝယ်ယူအားပေးသူတွေကနေလည်း ကျွန်မတို့ရဲ့ စျေးရောင်း Page ကနေ ၊ Cb ကနေတဆင့် မှာယူအားပေးကြတယ် ၊ အခု အလုပ်မဖြစ်တော့လို့ နားထားရတာ “လို့ ပြောပါတယ်။
 
မုံရွာမြို့ပေါ်က ဆက်သွယ်ရေးလုပ်ငန်း ကုမ္မဏီဝန်ထမ်းတွေ ၊ ဘဏ်လုပ်ငန်း ဝန်ထမ်းတွေ ၊ သစ်စက် ကုမ္မဏီ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့နှစ်က CDM ပြုလုပ်ပြီး အွန်လိုင်းစျေးသည် ဘဝကို ကူးပြောင်းလာကြသူ အများစုရှိနေတာပဲဖြစ်ပါတယ်။
 
အဲ့ဒီ အွန်လိုင်းစျေးသည်တွေဟာ အွန်လိုင်းကနေတဆင့် မှာယူသူတွေကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
 
” ကျွန်တော်တို့ အလုပ်ဆိုဒ်က ထမင်းစားနားချိန်မှာ နေ့တိုင်းလိုလို အွန်လိုင်းကနေ ဟင်းတွေမှာစားဖြစ်တယ် ၊ လူငါးယောက်လောက်စုပြီး မှာလိုက်တော့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဟင်းအမျိုးစုံစားရတာ အဆင်ပြေတယ် ၊ ဘာစားချင် စားချင် အွန်လိုင်းကနေ မှာယူရတာ အချိန်ကုန်သက်သာတယ် ၊ အခုတော့ လိုင်းတွေ ဖြတ်တောက်ထားတော့ စျေးဝယ်ဖို့ အခက်အခဲဖြစ်နေတယ် “လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် မုံရွာမှာရှိတဲ့ နိုင်ငံရေး လေ့လာသုံးသပ်နေတဲ့ အသိုင်းအဝိုင်းကလည်း “ကိုဗစ်ရောဂါပျံ့နှံ့ကူးစက်ပြီးနောက်ပိုင်း လူတွေအများစုဟာ ၊ လူစည်ကားတဲ့နေရာအတော်များများကို ရှောင်လာကြတယ် ၊ မဂ်လာဆောင်လက်ဖွဲ့တာတောင် လူမသွားဘဲ KBZ pay ကနေ လက်ဖွဲ့တာတွေ ဖြစ်လာတယ် ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်နဲ့အတူ လူတွေရဲ့ လူနေမှုပုံစံ ပြောင်းလဲလာတယ် ၊ အခုလို အင်တာနက်လိုင်းတွေ ဖြတ်တောက်ရတဲ့ အဓိက ရည်ရွယ်ချက် တစုံတခု ရှိပါလိမ့်မယ် ၊ ဘာကြောင့်ပဲ ဖြတ်တောက်ဖြတ်တောက် အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာနဲ့ လူမှုဘဝ ပုံစံသစ်ကို တိုက်ရိုက် ထိခိုက်စေတယ် “လို့ မှတ်ချက်ပြု ပြောထားပါသေးတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်း #အင်တာနက်လိုင်းပြတ်တောက် #အွန်လိုင်းဈေးသည် #နားထားရ

Related posts

Leave a Comment

VOM News

FREE
VIEW