ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူ

မတ် ၂၀-၂၀၂၂
KK(VOM)

၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ ဟာ ဒီကနေ့ မနက် ၁ နာရီကျော်က ပျံလွန်တော်မူခဲ့တယ်လို့ တပည့်သာဝကတွေက ထုတ်ပြန်ခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်၊ဝိဇ္ဇောတာရုံပရိယတ္တိစာသင်တိုက်ကြီးရဲ့ကျောင်းတိုက်တည်ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယဆရာတော်တပါးလည်း ဖြစ်ပါတယ်။

ဆရာတော်ကြီးကို မွန်ပြည်နယ်၊ မုဒုံမြို့၊ စာစင်ရပ်မှာ ခမည်းတော်ဦးနုနဲ့ မယ်တော်ဒေါ်ထားတို့က ၁၂၉၁ခု တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့မှာ ဖွားမြင်တော်မူခဲ့ပါတယ်။

၁၃၁၄ ခုနှစ် ကဆုန်လပြည်နေ့မှာ မုဒုံမြို့၊ စာစင်ရပ်၊ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

၁၃၁၁ ခုနှစ် နယုန်လဆန်း ၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကံသာကျောင်းသစ်ကျောင်း သီလဝိသောဓနီသိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက်ဆရာတော်ဥူးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်မြို့၊ မောင်ခိုင်လမ်း၊ ဘုံဘေဘားမားပရိဘောဂတိုက်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂဟဖြင့် မြင့်မြတ်သောရဟန်းဘဝကို ရောက်ရှိခဲ့ပါတယ်။

မုဒုံ၊ကျောက်ဝိုင်းဆရာတော်ဥူးဇဝန၊မော်လမြိုင်မြို့၊ မဟာရွှေကျင်ကျောင်းတိုက်ဆရာတော် ဥူးရေဝတ၊မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိကျောင်းတိုက် ဒသမရွှေကျင်သာသနာပိုင်မြောင်းမြဆရာတော်၊ တိုက်အုပ်ဆရာတော်ဥူးညနိက စတဲ့ ဆရာတော်တွေဆီမှာ ပညာသင်ကြားခဲ့ပါတယ်။

၁၃၁၈ ခုနှစ်တွင် သာသနာ့ဓဇသီရီပဝရ ဓမ္မာစရီယ သိရောမဏီဘွဲ့၊ကမ္ဘာအေးဗုဒ္ဓတက္ကသိုလ်မှ Dip.BDဘွဲ့၊၁၃၅၃ ခုနှစ်တွင် မဟာအဂ္ဂဂန္တဝါစက ပဏ္ဍိတဘွဲ့၊၁၃၅၄၊အဂ္ဂမဟာပဏ္ဍိတဘွဲ့၊၁၃၆၀ ခုနှစ်တွင် ပရိယတ္တိသာသနာဟိတဓရဘွဲ့တို့ကို ရရှိခဲ့ပါတယ်။

မြောင်းမြမြို့၊ ပဇ္ဇောတာရုံပါဠိကျောင်းတိုက်၌ ပါဠိတက္ကသိုလ်ကထိက၊ရန်ကုန်မြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်ကို တည်ထောင်၍ ပဓာနနာယကဆရာတော်အဖြစ် သက်တော် ၈၇ ခုနှစ်အထိ စာပေကျမ်းဂန်တွေကို ပို့ချခဲ့ပါတယ်။

ဆရာတော်ဟာ ပါဠိတက္ကသိုလ်ကထိက၊ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေး ပထမအကြိမ် မရမ်းကုန်းမြို့နယ် ဝိနည်းဓိုရ်(ရွှေကျင်)၊ဒုတိယအကြိမ်၊တတိယအကြိမ် မရမ်းကုန်းမြို့နယ် သံဃာ့နာယအဖွဲ့(ရွှေကျင်)ဥက္ကဌ၊ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ရွှေကျင်နိကယ်ဂိုဏ်းလုံးဝန်ဆောင် ရန်ကုန် ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာတာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါတယ်။

ဧကူနဝီသတိမ(၁၉)ကြိမ်မြောက် ရွှေကျင်နိကယ်ကာယသံဃာ့အစည်းအဝေးကြီးမှာ ရွှေကျင်နီကယ်ကာယဥက္ကဌ မဟာနာယက ဘွဲ့အမည်နဲ့ ရွှေကျင်ဂိုဏ်း၏ အဆင်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြန်ပါတယ်။

၁၃၇၈ ခုနှစ် တပို့တွဲလဆုတ် ၇ ရက်နေ့မှာ ရွှေကျင်ဂိုဏ်းရဲ့ အကြီးအကဲ ရွှေကျင်နိကာမအဓိပတိ ဥက္ကဋ္ဌ မဟာနာယက “ပန္နရသမ ၁၅ ပါးမြောက်ရွှေကျင်သာသနာပိုင်အဖြစ် တင်မြောက်ခြင်းခံခဲ့ရပါတယ်။

သာသနာ့အကျိုး သယ်ပိုးဆောင်ရွက်တော်မူသော ဆရာတော်ကို နိူင်ငံတော်အစိုးရက၂၀၁၈ ခုနှစ်မှာ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော်ပျံလွန်တော်မူချိန်မှာ သက်တော်၉၃နှစ်၊သိက္ခာဝါတော်၇၃ဝါ ရှိပြီ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး #ပျံလွန်တော်မူ

Related posts

Leave a Comment

VOM News

FREE
VIEW