ဆောင်းယွန်းယိုင်နွေ

ဆူးငှက်

““မြိုင်ခြေငယ်သင်းပါလို့
အင်ကြင်းငယ်ရွှေဖီ
ဝတ်မှုန်ငယ်စီသည် …
မြစ်နဒီသောင်တခိုက
မောင်မယ်ညို မူးပြန်တော့တယ်လေး …””

နေသည် ဒက္ခိဏယဉ်စွန်းတန်းဆီသို့ တိမ်းညွတ်ယိမ်းယိုင်နေရာမှ ခေါင်းထောင်ထူမတ်လာ၏။ထိုအခါ တော
င်လေက သြဘာပေးသည်။ နည်းနည်းလေးထူမတ်လာသည်နှင့် အပူစွမ်းက သိသိသာသာပြသည်။သစ်ပင်သ
စ်တောတချို့ရွက်ကြွေခါချ ပူပန်ကြ၏။သစ်ပင်သစ်တောတချို့ကမူ ရွက်သစ်စိမ်းစို၊ပရစ်ဖူးနုသစ်တို့ဖြင့်အံတုပြန်သည်။

ထိုအခါမှ အားငယ်ရွက်ကြွေသစ်တောတို့ အားသစ်လောင်းသည်။ရွက်သစ်ဖူးတို့ စို့တက်ကြကုန်၏။မြောက်လေသွေးသွေး ဟိမဝန္တာအအေးက မဆုတ်ခွာချင် . . . ဆုတ်ခွာချင်။ဒါပေမယ့် သူ့ရာသီက ကုန်ချေပြီ . ..။
ပြန်ပေဦးတော့ ““နှင်းရေ”” . . .။
၁၂လရာသီမစွန်းမီပန်လာဦးမည့် ““နှင်း””ကို အကဲပိုစွာတမ်းတနေဆဲ။ သင့်ခနဲမွေးလာသည့် မြတ်နိုးဖွယ် ရနံ့လေးက ““နှင်း”ကို ရုတ်ချည်း မေ့ပျောက်စေ၍ ဝေဒနာတစ်ခု အားထစေပြန်၏။

ဪ အပြောင်းအလဲ မြန်လှချည့်ရယ်လေ။ ရနံ့လေးဝေးဝေးမှ လာပေမယ့် မှတ်မိလွယ်လောက်အောင် အလုံးအဖန် အားကောင်းနေပြန်၏။ တောင်လေအဖော်က အပြေးကလေး လက်ဆွဲခေါ်လာတာနေမှာပေါ့။ အနားရောက်ပါမှ မှတ်မိသွားသည်။ ဟာ သရဖီ ။
သဲနှုန်းမြေရာစပ်ထားသော ရေဓာတ်ပါသည့် တလင်းမြေပာင်ပြောင်မှာ ဟောတစ်ပွင့် ဟောတစ်ပွင့်နှင့် လုကောက်ခဲ့ရသည့် သရဖီ။ အလိုရမ္မက်ကြီးပြီး လောဘမသတ်နိုင်သူတို့ကမူ အပင်ပေါ်က သရဖီကို ဝါးစိမ်းလုံးရှည်ဖြင့် အလန့်တကြား ခုန်ဆင်းစေ၏။ ထိုအခါ အပျိုဖော်မဝင်သေးသော သရဖီငုံတို့လည်း ကြွေလွင့်ရရှာ၏။ လက်ခုပ်နှစ်ဖက်ဖြင့် အပြည့်အမောက် ရလာတော့ ဝါးနံ့မပြယ်သေးသည့် ဆန်ခါခုံးလေးထဲ
ထည့်ကာ ညဉ့်သိပ်ရေအးအေးလေးနှင့် ဆေးလိုက်တော့ သရဖီတို့ မျက်စိကျယ် လန်းဆန်းကုန်ကြသည်။ လှလှထွားထွား အပွင့်ကြီးတွေကို ကြွေပန်းကန်ပြား သန့်သန့်လေးထဲ ထည့်ကာ ဘုရားတင်မည်။
ကျန်သရဖီပွင့်လေးတွေကို ဆန်ကာခုံးလေးထဲမှာပဲ အပ်ချည်ကြိုးလေးနှင့် သီကာ ပန်းကုံးထွားထွား
တစ်ကုံး ကုံးမည်။ ပြီးတော့ ဆန်ခါခုံးလေးထဲခွထည့်ပြီးရဆွတ်ထားသည့် အဝတ်သန့်လေးနှင့်
အသာအယာ ဖုံးအုပ်ကာ စိမ့်နေအောင် အေးသည့် ရေအိုးစင်လေးအောက် ထားသည်။ ဆွမ်းကပ်၊ ဆွမ်းလောင်း၊ အိမ်ဝေယျာဝစ္စ လုပ်ဖွယ်ရာကိစ္စများ ပြီးစီးမှ ရေမိုးချိုး၊ ခေါင်းလျှော်၊ သနပ်ခါးတွေ မှုန်နေအောင် လိမ်းကာ အဝတ်အစားအသစ် ဝတ်ပြီး တင်ပါးနားဆီထိ ရှည်လျားဖြောင့်စင်းသော ခေါင်းလျှော်ပြီးစ ဖားလျားချ ဆံပင်ကို စိတ်ရှည်စွာ ဖြီးသင်ပြီး နဖူးဆံစဆီမှာ သရဖီပန်းကုံးကိုဝနေအောင် ပန်တော့သည်။
အဲသည်နေ့က ကနဦးပထမဦးဆုံး သရဖီပန်းတေ စပွင့်တဲ့နေ့ . . .။

xxxxxxxxxxxxxxx

“….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး
လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ…
ဆောင်းယွန်းယိုင်နွေ၊ လဝန်းရစ်ခါစွေ
ရွက်ဝါကြွေ…နွေမူးမူး
မိန်ရာသီ၊ ခါမှီလသာခေါင်
မြလွှာမှောင်…. တောင်ခိုးမြူး….”

မန္တလေးမှာက ဆောင်းအကုန်အကူး အခုလို ကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီးဦးစက ဒီရာသီကို သူ၏ “ဘုံပျံနေနန်း” ပတ်ပျိုးကြီး၌ “ဆောင်းယွန်းယိုင်နွေ” ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ ဘက်သို့ ယိုင်လုလု…..။ မနက်လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။
သို့သော် ဆောင်းမပီတော့….။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက်အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုးသိမ်းဆည်းပြီးလောက်ပြီ။

ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် “လေဝန်းရစ်ကာခွေ” လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ​၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင်မရှိလှသေး….။ ကြည့်လေရာရာ ရီဝေမှုန်မှိုင်းနေဆဲဖြစ်သည်။ ကနဖော့၊ မှိုနတို၊ ကန်စွန်းနွယ်လေးတွေရေသောက်ဆင်းနေကြသည့် ကျုံးနဘေးရေစပ်စပ် ထနောင်းပင်ရိပ်က မျှော်ကြည့်လိုက်တော့ မူထဲကမြို့ရိုးနှင့် ပြာသာဒ်များက မိုနိုတုန်းဖြင့် ရေးဆွဲထားသော ရေမင်းသားဆရာဆောင်၏ ပန်းချီကားတစ်ချပ်လို အရသာရှိလှသည်။ အကယ်တန္တကျုံးမြို့ရိုး၊ ပြာသာဒ်နှင့် မန္တလေးတောင်၏ အလှကို ဘယ်ရာသီ၌ အနှစ်သက်ဆုံးလဲဟုမေးလာလျှင် “ဆောင်းယွန်းယိုင်နွေ…” ရာသီ၏မြင်ကွင်းကိုပဲ ချွင်းချက်မရှိ ရွေးချယ်ရပေမည်။ နှင်းဖွေ့ဖွေ့ကြွေနေသော ဆောင်းရာသီ ဇာပိတ်ကားနောက်က ကျုံးမြို့ရိုးလည်းလှမှာပေါ့။
“မြူမှောင်ဝေကင်း”သည့်ပီပီ ရာသီက ကနလနားသတ်မျဉ်းတွေပတ်ပြတ်ထင်သည့် ပြယသာဒ်ကလည်း လှမှာပေါ့။ အညာမိုးမို့ သည်းသည်းရဲသည့် မိုးကန့်လန့်ကာအောက်က မပီဝိုးဝါး ကျုံးပန်းချီကားလည်း လှမှာပေါ့။ သို့သော် “မြလွှာမှောင်၊ တောင်ခိုးမြူး” သည့် “မိန်ရာသီ” ၏ ကျုံးမြို့ရိုးပြာသာဒ်အလှကို မီနိုင်ဖွယ်အံ့မထင်။

တကယ်တော့ မိန်ရာသီ၏ ပကတိမြင်တွေ့နေရသည့် ရုပ်ဝတ္ထုများထက် သည်ရုပ်ဝတ္ထုများနှင့်ယှက်နွယ်ပြီး အစဉ်တစိုက်ဖြစ်တည် ဖွဲ့စည်းလာခဲ့သည့် ခံစားမှုများကြောင့်သည်သာ ရင်၌ လှိုက်လှိုက်စွဲမက်ခင်တွယ် ခဲ့ခြင်း ဖြစ်တန်ရာသည်။

xxxxxxxxxxxxxxx

ဟော….တပေါင်းလ ကုန်လုပြီလေ…..။ တပေါင်းလကပြက္ခဒိန်မှာ အများဆုံးအကျုံးဝင်နေတာက မတ်လဖြစ်သည်။ ခရစ်နှစ်၏ တတိယမြောက်လဖြစ်၏။ သည်ရာသီမှာပင် ဖက်ဆစ်တော်လှန်ရေးကြီး ဖြစ်ပွားခဲ့သည် မဟုတ်လော။ ၁၉၄၅ခုနှစ် မတ်လ ၂၇ရက်။
လေရူးက တစ်ချက်ဝှေ့လိုက်သည်။ တောလမ်းဖုန်ဖုန်ပေါ်မှ ရွက်ကြွေများသည် ငိုက်မြည်းနေရာမှ အလူးအလဲပြေးလွှားကာ ကညင်ပင်ကြီး၏ အမြစ်ဆုံကြီး အခြေ၌ အမိအရ တွယ်ကပ်နေလိုက်ကြ၏။ ပင်စည်နောက်ကွယ်တွင် အနီထဲမှ ကြယ်ဖြူပွင့် လက်ပတ်ကို လှစ်ခနဲ မြင်လိုက်ရသေးသည်။

ကျွန်တော်တို့ကား မမီလိုက်ရသော လွန်ခဲ့သည့် ၇၇နှစ်က မြင်ကွင်းများကို ပုံဖော်ကြည့်နေမိ၏။
ဆရာဒဂုန်တာရာ၏ ပျောင်းညွတ်သော်လည်း ခိုင်မာ အားမာန်ပါလှသည့် စကားလုံးများ တဆင့်ကပေါ့။
““အို မိုးကုပ်ကုပ်ဝယ်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ,ဟလာပြီး
မိုးပြာကိုဖြတ်
ပတ္တမြားရည်
စီးလည်အဟုန်
နီမြန်းကုန်ပြီ
အရုဏ်ပေါ်စ . . .
ဝိုးတဝါး . . ” မှ အစပြုလို့လေ . .။

#voiceofmyanmar #VOM #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW