ကြက်သွန်ဈေး အဖွင့်ကောင်းပေမယ့် အရှုံးပေါ်နေဆဲဖြစ်တဲ့ မုံရွာမြို့နယ်က ကြက်သွန်သွန်စိုက်တောင်သူများ

မတ် ၂၈-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျွဲရဲ၊တောင်ပုလူ၊ခိုးသန်း၊ရှင်ငါးဆယ် စတဲ့ ကျေးရွာပေါင်း (၂၀)ဝန်းကျင်မှာ ကြက်သွန်သီးနှံတခုတည်းကိုသာ အဓိကထား စိုက်ပျိုးကြတာဖြစ်ပါတယ်။

ကြက်သွန်စိုက်ပျိုးတဲ့နေရာမှာ စိုက်ပျိုးစရိတ်အနေနဲ့ ကြက်သွန်တပိဿာကို(၄၀၀)ကျပ်ဝန်းကျင် ကုန်ကျပြီး ပြီးခဲ့တဲ့နှစ်က ကြက်သွန်တပိဿာကို (၂၀၀)ကျပ်ဝန်းကျင်နဲ့သာ ရောင်းချခဲ့ရတာကြောင့် တောင်သူတွေအရှုံးပေါ်ခဲ့ကြပါတယ်။

အခုနှစ် ကြက်သွန်စိုက်ရာသီမှာ အရင်နှစ်ကအရှုံးတွေပြေလည်စေဖို့ ကြက်သွန်ကို စနစ်တကျစိုက်ပျိုးဖို့ အားခဲထားကြတဲ့တောင်သူတွေဟာ နိုင်ငံရေးပြောင်းလဲမှုနဲ့ အဖက်ဖက်ကမြင့်တက်လာတဲ့ သွင်းအားစုတွေကြောင့် မုံရွာမြို့နယ်အတွင်းမှာ ကြက်သွန်စိုက်ဧက အရင်နှစ်ကထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပါတယ်။

အခုလက်ရှိ ကြက်သွန်ပေါ်ချိန်မှာ ကြက်သွန်တပိဿာကို (၅၀၀)ကျပ် ပေါက်ဈေးရှိနေပေမယ့် စက်သုံးဆီ၊ဓာတ်မြေဩဇာ စတဲ့သွင်းအားစုတွေဟာ အရင်နှစ်ဈေးနှုန်းထက် (၃)ဆနီးပါး ဝယ်ယူသုံးစွဲခဲ့ရတာကြောင့် လက်ရှိပေါက်ဈေးအရ တောင်သူတွေအတွက် အမြတ်အစွန်းမရှိသေးသလို အရင်နှစ်ကအရှုံးတွေလည်း မကြေလည်နိုင်သေးဘူးလို့ ပြောဆိုပါတယ်။

လက်ရှိပေါက်ဈေးအရ ရှေ့ဆက်ပြီးကြက်သွန်ဈေးနှုန်းဟာ (၂၀၀၀)ကျပ်ဝန်းကျင်အထိ တက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပေမယ့် နိုင်ငံရေးနဲ့နယ်မြေမတည်ငြိမ်မှုကြောင့် ဈေးကောင်းရချိန်အထိသိုလှောင်ဖို့အခက်အခဲတွေရှိနေသေးတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ကြက်သွန်ဖော်တဲ့နေရာမှာ အလုပ်သမား အများအပြားခေါ်သုံးစွဲရတာကြောင့် လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး အသွားအလာအခက်အခဲတွေကြောင့် အလုပ်သမားခေါ်ယူမှု အခက်အခဲတွေလည်းရှိနေပြီး တချို့တောင်သူတွေမှာ ကြက်သွန်ဖော်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေအတိုင်း ရှေ့ဆက်ကြုံတွေ့နေရအုံးမယ်ဆိုရင် ကြက်သွန်စိုက်ပျိုးမှုတွေ တဖြည်းဖြည်းလျော့နည်းလာပြီး ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ စားဝတ်နေရေးအကြပ်အတည်းတွေကိုပါ ကြုံတွေ့လာနိုင်တယ်လို့ တောင်သူတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ကြက်သွန်စိုက်တောင်သူ #အရှုံးပေါ်

YouTube Link – https://youtu.be/GyylLB2PW7o

Related posts

Leave a Comment

VOM News

FREE
VIEW