ဗန်းမော်မြို့ပေါ်မှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက်ဖြစ်ပြီး အရပ်သား(၁)ဦးနဲ့ ရဲမှူး(၁)ဦး သေဆုံး

မတ် ၊ ၂၈-၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှု ၃ ကြိမ် ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ရဲမှူး(၁)ဦး အပါအဝင် လူသေဆုံးမှုတွေနဲ့ ဒဏ်ရာရရှိမှုတွေရှိခဲ့တယ်လို့ ဗန်းမော်မြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုစတယ် ၊ ရဲမင်းကြီးအိမ်ရှေ့လမ်းနဲ့ နာရီစင်တောင်ဘက် အရှေ့လမ်းပေါ်တွေမှာ ပေါက်ကွဲမှု တခုစီ စဖြစ်တယ် ၊ အဲ့ဒီနောက် အချိန် ၃ နာရီလောက်ခြားပြီး ရောဘတ်ဘုရားကျောင်းအနီး ကုန်းအတက်နေရာမှာ ထပ်ပြီး ပေါက်ကွဲတယ်” လို့ ဗန်းမော်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဗန်းမော်မြို့ခံ လူမှုကူညီရေးအသင်း ပရဟိတသမားတယောက်က ” မနက်ပိုင်းစောစော ပေါက်ကွဲတဲ့ဖြစ်စဥ်မှာက အသေအပျောက် မရှိဘူး ၊ ၁၀ နာရီဝန်းကျင်ပေါက်ကွဲတဲ့ ဖြစ်စဥ်မှာ ဆိုင်ကယ်စီးလာတဲ့ အရပ်သား(၁)ယောက် နေရာမှာတင် သေဆုံးသွားတယ် ၊ နောက်ပြီး ရဲဝန်ထမ်းတွေ အပါအဝင် လမ်းသွားလမ်းလာ အရပ်သားတချို့ ဒဏ်ရာရတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့က ရဲဝန်ထမ်း ၄ ဦး အနက်က ၊ ခရိုင်အကူ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးတစ်ဦးဟာ ဆေးကုသမှုခံယူနေရင်း ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးဌာန အသိုင်းအဝိုင်းရဲ့ပြောပြချက်အရ သိရပါတယ်။

ဒီကနေ့ ညနေပိုင္ငးအထိတော့ ဗန်းမော်မြို့ပေါ်မှာ လုံခြုံရေး ထူထပ်စွာချထားပြီး ပိတ်ဆို့စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ ဗန်းမော်မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမော် #ပေါက်ကွဲမှု #ရဲမှူး #အရပ်သား #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW