`NAC` HIVစောင့်ရှောက်ရေးစင်တာမှာ တာဝန်ခံ ဖမ်းဆီခံရပြီးနောက်ပိုင်း အခက်အခဲနဲ့ရင်ဆိုင်နေရ

မတ် ၂၈၊၂၀၂၂
KK(VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်ဆင်ဒူးဝါးလမ်းမှာရှိတဲ့ ‘NAC’ HIVစောင့်ရှောက်ရေးဂေဟာက တာဝန်ခံ ကိုစိုးရာဇာထွန်းဖမ်းဆီးခံရပြီးနောက် HIV/AIDS စောင့်ရှောက်ရေးစင်တာမှာ အခက်အခဲနဲ့ရင်ဆိုင်ရနေရတယ်လို့ ဂေဟာမှာဆက်လက်လုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။

NAC’ HIVစောင့်ရှောက်ရေးဂေဟာမှာ ရောဂါကူးစက်ခံကလေးသူငယ်များ၊လူကြီးပိုင်းများ ဆေးခန်းပြသဖို့နဲ့ နေ့စဥ်သောက်သုံးနေရတဲ့ဆေးဝါးတွေ ဝယ်ယူဖို့ အခက်အခဲတွေ ရှိလာတာဟာ ကိုဗစ်ကာလကတည်းကဖြစ်ပြီး တာဝန်ခံဖမ်းဆီးခံရပြီးနောက်မှာ ပိုမိုအခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်လို့
ဆေးတိုက်ရာမှာ ကူညီနေသူတဦးက ပြောပါတယ်။

“ဆေးတွေလိုတယ် အဓိကပြဿနာက အလှူငွေပေါ့ အလှူငွေရှိမှ ဆေးဝယ်လို့ရမှာ၊ ဆေးခန်းတစ်ခါပြရင် ၁၀ ယောက်၊ တစ်ခါတစ်လေ အယောက် ၂၀ ပြရတာ၊ အစိုးရကပေးတဲ့ ဆေးတွေရှိတယ် အပြင်မှာဝယ်ရတဲ့ဆေးတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။

လက်တလောအခြေအနေမှာ ဆန်၊ဆီ၊ဆား ပြဿနာထက် NAC စင်တာမှာ အလှူရှင်များရဲ့ ပံ့ပိုးငွေလိုအပ်နေပြီး ရရှိလာတဲ့အလှူငွေတွေကို ကလေး၊လူကြီးဆေးခန်းပြတာတွေနဲ့ လိုအပ်တဲ့ဆေးများဝယ်ယူရာမှာ အသုံးပြုရမှာဖြစ်တယ်လို့ NACစင်တာကနေ သိရပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေချိန် တာဝန်ခံတစ်ယောက်လိုဖြစ်နေတဲ့ NAC စင်တာမှ ကိုမြင့်ဇော်ဆိုသူလည်း အသဲကင်ဆာနဲ့ထပ်မံသေဆုံးခဲ့တဲ့အတွက် ပိုမိုခက်ခဲနေတယ်လို့ ဂေယာမှာကူညီပေးနေသူတဦးက​ပြောပါတယ်။

“အဘရာဇာ အဖမ်းခံရကတည်းက ဂေဟာကိုလူတွေက လာမလှူရဲကြတော့ဘူး၊ လှူရင်အဖမ်းခံရမလားဆိုတဲ့ ဒွိဟစိတ်တွေနဲ့၊ အဲ့ဒီအချိန်မှာ အဘမြင့်ဇော်က ကလေးတွေကို အလှူခံကျွေးတယ်၊ မနေ့ကအဘမြင့်ဇော် အသဲကင်ဆာနဲ့ဆုံးသွားတယ်၊ အခုဂေဟာမှာ ကလေးတွေရော ရောဂါသည်လူကြီးတွေအတွက် အခက်အခဲအတော်လေး ဖြစ်နေတယ်”လို့
ပြောပါတယ်။

NURTURE AIDS CARE (NAC)စင်တာမှာ HIV/AIDS ဝေဒနာရှင်ကလေးငယ် ၉၄ဦးနဲ့ လူကြီး ၆၁ဦး စုစုပေါင်း ၁၅၅ ဦးရှိတယ်လို့ စင်တာမှာ လက်တလောတာဝန်ယူထားသူတဦးက ပြောပါတယ်။

NAC စင်တာမှ တာဝန်ခံကိုရာဇာကို မတ်လ ၂ ရက်နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဒဂုံအရှေ့မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

NAC HIVစောင့်ရှောက်ရေးဂေဟာကို ၂၀၀၂ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တောင်ဒဂုံမြို့နယ်မှာ အခြေပြုကာ ၂၀၀၈ခုနှစ်မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၁ရပ်ကွက်၊ ဟိုင်းဆင်ဒူးဝါးလမ်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

NAC’ HIVစောင့်ရှောက်ရေးဂေဟာကို ဆက်သွယ်လှူဒါန်းလိုပါက 09-794213617 နဲ့ 09763366514 ကိုဆက်သွယ်လှူဒါန်းနိူင်ပြီး လူကိုယ်တိုင်လာရောက်လှူဒါန်းလိုပါက ၄၄၈/၁၊ ဟိုင်ဆင်ဒူးဝါးလမ်း ၁၁ ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ကို လာရောက်နိူင်တယ်လို့ ဂေဟာတာဝန်ရှိသူတွေက ပြောပါတယ်။

#voiceofmyanmar #VOM #NACစင်တာတာဝန်ခံ #ဖမ်းဆီခံရပြီးနောက်ပိုင်း #စင်တာမှာအခက်အခဲနဲရင်ဆိုင်ရ

Related posts

Leave a Comment

VOM News

FREE
VIEW