ကိယက်ဗ်ဒေသတစ်ခုလုံးကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်၊ ပူတင်နဲ့ ဇီလန်စကီးတို့ တူရကီမှာ ထိပ်သီးဆွေးနွေးဖွယ်ရှိ

ကိယက်ဗ်၊ ဧပြီ-၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသကို ရုရှားတပ်ဖွဲ့တွေထံကနေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယူကရိန်းလက်ထောက် ကာကွယ်ရေး၀န်ကြီးက ဧပြီ ၂ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အက်ပင်၊ ဘာ့ခါ၊ ဟို့စ်တိုမယ်နဲ့ ကိယက်ဒေသတစ်ခုလုံးဟာ ကျူးကျော်သူတွေထံမှ လွတ်မြောက်ခဲ့ကြောင်း ယူကရိန်းလက်ထောက်ကာကွယ်ရေး၀န်ကြီး ဟန်နာမာလီယာက အခိုင်အမာပြောဆိုပါတယ်။

မြို့နဲ့ကျေးရွာ ၃၀ ကျော်ကိုပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။

ရုရှားဟာ ယူကရိန်းမြောက်ပိုင်းမှ သူ့ရဲ့တပ်ဖွဲ့၀င်တွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းနေပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ဒါပေမယ့် ရုရှားတပ်ဖွဲ့၀င်တွေဟာ ယူကရိန်းနိုင်ငံအနှံ့မှာ မိုင်းများထောင်ထားခဲ့ကြောင်း သူကကသတိပေးထားပြီး ပြည်သူတွေအနေနဲ့ နေအိမ်တွေသို့မပြန်မီ ဘေးကင်းလုံခြုံတဲ့အချိန်ထိ စောင့်ဆိုင်းကြဖို့ သမ္မတက တိုက်တွန်းထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းတွင်မှာတော့ ရုရှားတပ်ဖွဲ့တွေဟာ ထိုးစစ်အရှိန်မြှင့်တင်နေပြီး ခါကိဗ်မြို့နဲ့ ဒီနီပရိုပက်ထရော့ဗ်ဒေသတွေရှိ ရထားဘူတာတွေအနီးမှာ ယူကရိန်းသံချပ်ကာယာဉ်တွေနဲ့ လောစာဆီကားတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပေမယ့် ကွဲလွဲမှုတွေ နေဆဲဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့အကြား ထိပ်သီးဆွေးနွေးပွဲကို တူရကီနိုင်ငံမှာ ကျင်းပကနိုင်ခြေရှိတယ်လို့ ယူကရိန်းညှိနှိုင်းရေးမှူးတဦးက မတ် ၂ ရက်မှာ ထုတ်ဖော်ပြေဆိုထားပါတယ်။

Ref: NHK
Photo: Yahoo/AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW