မုံရွာအကျဥ်းထောင် ဆူပူမှုဖြစ်လို့ ပစ်ခတ်နှိမ်နင်းတာမှာ အကျဥ်းသား ၁ ဦးသေ ၊ ၅ ဦး ဒဏ်ရာ

ဧပြီ ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ရုံးကြီးလမ်းမှာရှိတဲ့ မုံရွာအကျဥ်းထောင်မှာ ဒီကနေ့ ညနေ ၅ နာရီအချိန်ဝန်းကျင်က ထောင်တွင်း ဆူပူသံတွေကြားရပြီးနောက် သေနတ်သံတွေ ထွက်ပေါ်လာတယ်လို့ မုံရွာ အကျဥ်းထောင် အနီးဝန်းကျင်မှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” အကြောင်းအရာကိုတော့ မသိရသေးဘူး ၊ ထောင်ထဲကနေ ဆူပူသံတွေကြားရပြီးနောက်ပိုင်း သေနတ်သံ လေးငါး ဆယ်ချက်ထက်မနည်း ထွက်ပေါ်လာတယ် ၊ ဆူပူသံတွေ ငြိမ်သွားတယ် ၊ အဲ့ဒီနောက် သေနတ်သံတွေ ထပ်ပြီးကြားရတယ် ၊ ထောင်ထဲကိုလည်း မီးသတ်ကား ၂ စီး အရေးပေါ် ဝင်သွားတာ မြင်လိုက်ရတယ် ” လို့ မုံရွာ အကျဥ်းထောင် အနီးဝန်းကျင်က ဒေသခံ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မုံရွာခရိုင်လုံခြုံရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းတဲ့အခါ ၊ တာဝန်ရှိသူ တစ်ဦးက ” တာဝန်ကျ ထောင်ဝန်ထမ်း တစ်ဦးကို အကျဥ်းသားတွေက ဝိုင်းဝန်းရိုက်နှက်တယ် ၊ တာဝန်ရှိသူတွေ ဝင်ရောက်ထိန်းသိမ်းတဲ့အခါ၊ တာဝန်ရှိ ထောင်ဝန်ထမ်းတွေကို အကျဥ်းသားတွေက ခဲတွေပစ်ပေါက်တယ် ၊ ပလပ်စတစ်ပိုက်တွေကို မီးရှို့ဖျက်စီးတယ် ၊ အဲ့ဒါကြောင့် အိပ်ဆောင်အတွင်း ဝင်ရောက်ကြဖို့ ပြောတာလည်း လူစုမခွဲတာကြောင့် ခြောက်လှန့်ပစ်ခတ်တဲ့အခါ အကျဥ်းသား ၁ ဦး သေ ၊ ၅ ဦး ဒဏ်ရာရတာ ” လို့ ပြောပါတယ်။

ထောင်တွင်းကို ထောင်ဝင်စာလူတွေ့ပိတ်ထားတာကြာပြီမို့ ထောင်သားတွေဘက်က တုံ့ပြန်တဲ့ အခြေအနေမှန်ကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၁၅ ရက်နေ့ ၊ ညနေပိုင်း အချိန်ကလည်း စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ မော်လိုက်လေးကျေးရွာ အနီး ၊ ကလေး တမူး ကားလမ်းဘေးက ကလေး အကျဥ်းထောင်မှာလည် အလားတူ ဆူပူမှုတွေဖြစ်ပေါ်ပြီး သေနတ်နဲ့ ပစ်ခတ်နှိမ်းနင်းတဲ့အတွက် အကျဥ်းသား နဲ့ အချုပ်သား ၇ ယောက်သေဆုံးခဲ့ရပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်မှာ ထောင်ဝန်ထမ်း အရာရှိတစ်ဦးလည်း လည်ပင်းပြတ်ရှဒဏ်ရာရခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာထောင်ဆူ

Related posts

Leave a Comment

VOM News

FREE
VIEW