မုံးကိုး စစ်‌ရှောင်ခန်းတွေမှာ နေစရာ၊ စားစရာ ခက်ခဲနေလို့ နောက်မှလာသူတွေကို လက်မခံတော့

ဧပြီ ၃၊ ၂၀၂၂

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်က စစ်‌ရှောင်စခန်းတွေမှာ နေစရာ နဲ့ စားစရာ အခက်အခဲကြောင့် ထပ်မံရှောင်တိမ်း လာသူတွေအချို့ကို လှည့်ပြန် ခိုင်း‌နေရကြောင်း စစ်ရှောင် စခန်းတာဝန်ရှိသူတွေနဲ့ အကူ အညီ ပေးနေသူတွေ ဆီက သိရပါတယ်။

“ဒီကြားထဲမှာ ဆန်နဲ့ ဆီ အရမ်းခက်ခဲနေတယ်။” လို့ စစ်ရှောင် စခန်း‌က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

လူဦးရေ ထပ်တိုးလာနေတာကြောင့် သူတို့ကို ထားဖို့ တခြားနေစရာလည်း မရှိ‌ တော့လို့ ပြန်လှည့်ပြန်ခိုင်း‌နေရတာ လို့ဆိုပါတယ်။

“တချို့တွေကို‌ တိုက်ပွဲလည်း မဖြစ်တော့ လက်မခံတော့ဘူး။ သူတို့ကို ထားဖို့ နေစရာ နေရာလည်း မရှိတော့ဘူး။ အစား အသောက်လည်း မရှိတော့လို့။” လို့ နေရာချထားရေးမှာ ကူညီပေးနေသူ ၁ ဦးက ရှင်းပြပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် ထောက်ပံ့ ပေးသူတွေ လျော့နည်းသွား တဲ့ အပြင် အဆောက်အဦးတွေ ထပ်ဆောက်ဖို့ နေရာနဲ့ ငွေကြေးလည်း လုံးဝ အဆင်မပြေပဲ ခက်ခဲနေတာ လို့ ဆိုပါတယ်။

ကြံစိုက်တောင်သူတွေဆီ နေ့စား အလုပ်ရဖို့ မျှော်ကိုး နေကြရပေမယ့် လက်ရှိမှာ တရုတ်ဘက် အဓိက တင်ပို့နေတဲ့ ကြံတွေလည်း နယ်စပ်ဂိတ်ပိတ် ထားတာကြောင့် အလုပ်မဖြစ်ကြောင်း စစ်ရှောင်စခန်း‌တွေကို ကူညီ စီမံ‌ပေးနေသူ ၁ ဦး ကလည်း ပြောပါတယ်။

“မန်ဟိုင်း နဲ့ မုံးကိုး နယ်စပ်ဂိတ် လည်း မဖွင့်သေးဘူး။” လို့ သူက ပြောပါတယ်။

မုံးကိုးမြို့ ပေါ်မှာ ကချင်ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်း အပြင် စစ်ရှောင် စခန်းလည်း နေရာ ၂ နေရာ ထပ်တိုးထားပေမယ့် လတိုင်း လူဦးရေ တိုးလာနေတာကြောင့် လူဦးရေ ၈၀၀ ကျော် ခန့် ရှိ လာလို့ နေစရာ မဆံ့ တော့တာ ဖြစ်ကြောင်း ကူညီ‌ ပေးနေသူတွေ ဆီကသိရပါတယ်။

နေရပ်မှာ စားရေး သောက်ရေး အခက်အခဲနဲ့ စစ်ကျန် လက်နက်တွေကြောင့် ဥယာဉ်၊ ခြံ တွေကို အဓိက ထားအသက်မွေးဝမ်း ကျောင်း ပြုရတဲ့ ဒေသခံတွေ စိုက်ပျိုး အလုပ်လုပ်လို့ မရတော့တာကြောင့် ရှောင်တိမ်းလာသူတွေ ထပ်တိုးလာတာ လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လခန့် ကစ မုံးကိုးမြို့နယ် အတွင်း စစ်တပ်နဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ တိုက်ပွဲ ရှောင်လာ ကြရတာပါ။

Photo Crd# စစ်ရှောင်စခန်း တာဝန်ခံ

#voiceofmyanmar #VOM #မုံးကိုးစစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW