ခရီးသွားလာသူတွေကို ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် အခက်အခဲဖြစ်နေ

ဧပြီ ၆၊ ၂၀၂၂
Shy V(VOM)

မန္တလေး – လားရှိုး အဝေးပြေးလမ်းမပေါ်မှာ ဧပြီလ လဆန်းပိုင်းကစပြီး ခရီးသွားလာသူတွေကို ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် ကားတွေ ပိတ်မိတာနဲ့ နာရီကြာကြာ စောင့်ဆိုင်း‌နေကြရလို့ အခက်အခဲဖြစ်နေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မန္တလေး – ပြင်ဦးလွင်ကြား၊ ၂၂ မိုင် ဇီးပင်ကြီးမှာ ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင်တွေ စစ်ဆေးနေတာကြောင့် ဒီကနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းက ကားတွေ ရာနဲ့ချီစောင့်ဆိုင်း ပိတ်မိ‌ခဲ့တယ်လို့ ယာဉ်မောင်း တဦးက ပြောပါတယ်။

“ကားတွေ ၁ နာရီကြာ နေပူထဲရပ်စောင့်နေရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေလည်းပါလို့ အခက်အခဲဖြစ်ရတယ်။”လို့ သူက ပြောပါတယ်။

မန္တလေးကနေ လားရှိုးအတက် ပြင်ဦးလွင် ၂၂ မိုင်ဇီးပင်ကြီးဂိတ်မှာ စစ်ဆေးတာဖြစ်ပြီး အဆင်းကိုတော့ ပိတ်ချင်းမြောင်ရဲစခန်းရှေ့မှာ စစ်တယ်လို့ သိရပါတယ်။

“နောက်ဆုံးသိရသလောက်တော့ ဆေးထိုးလက်မှတ်မပါရင် တခါတည်း ထိုးသွားခိုင်းတယ်။ ထိုးပြီးလည်း ထပ်ထိုးရတယ်။”လို့ ခရီးသွားတဦးက ပြောပါတယ်။

သင်္ကြန်ပိတ်ရက် လည်ပတ်သူတွေအတွက်လည်း သွားလာရေး အခက်ကြုံနိုင်ကြောင်း ခရီးသွားပြည်သူ တဦးက ပြောပါတယ်။

“အဝေးပြေးလမ်းမကြီးပေါ် ဒီလိုလာစစ်တာ အဆင်မပြေပါဘူး။ ကိုဗစ်ရောဂါလည်း စိုးရိမ်စရာ အနေအထား ရှိမနေတော့ မလုပ်သင့်တော့ပါဘူး။” လို့ သူက ပြောပါတယ်။

မနေ့ ဧပြီလ ၅ ရက်နေ့ကစ ကိုဗစ်ဆေးထိုးလက်မှတ်နဲ့ မှတ်ပုံတင် ပါ၊မပါ အတက်ကားတွေကို ၂၂ မိုင်၊ ဇီးပင်ဂိတ်မှာ စစ်ဆေးတာဖြစ်ပြီး အဆင်းကားတွေကို ဝက်ဝံ၊ ပိတ်ချင်းမြောင်ဂိတ် တို့မှာ စစ်ဆေးနေတာတွေ့ရတယ်လို့ နောက်ထပ် ယာဉ်မောင်းတဦးဆီက သိရပါတယ်။

ဝက်ဝံဂိတ်က တာဝန်ကျသူတဦးရဲ့ ပြောပြချက်အရ ဧပြီလ ၆ ရက်နေ့ကစပြီး လက်မှတ်တွေ မှတ်ပုံတင်တွေမပါရင် ပြန်လှည့်ရမယ်လို့ သိရပြီး ဘယ်လောက် ကြာကြာ လုပ်မလဲဆိုတာတော့ မသိရဘူးလို့ သိရပါတယ်။

အစိုးရပိုင် သတင်းစာမှာတော့ ပန်းခင်းစီမံကိန်းနဲ့ မှတ်ပုံတင် ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ဖြစ်တာကြောင့် ဧပြီလ ၁ ရက်နေ့ကစပြီး ခရီးသွားလာပါက မှတ်ပုံတင် တပါတည်း ယူဆောင်ဖို့နဲ့ ထောက်ခံစာနဲ့ခရီးသွားလာခွင့်ပြုတော့မှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

Photo-Konay
#voiceofmyanmar #VOM #ခရီးသွား #ကိုဗစ်လက်မှတ် #မှတ်ပုံတင် #အခက်အခဲဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW