ဒေါ်လာငွေကို ၁၈၅၀နဲ့သာ ရောင်းရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ တောင်သူတွေကို နစ်နာမှုဖြစ်ပေါ်နိုင်တယ်လို့ သုံးသပ်

ဧပြီ ၈-၂၀၂၂
VOM (GG)

ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ ပြည်ပကနိုင်ငံခြားသုံးငွေဖြင့်ရရှိတဲ့ ဝင်ငွေ(ဒေါ်လာ)တွေကို တရက်အတွင်း မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချရမယ်လို့ ထုတ်ပြန်လိုက်တဲ့ ပြင်ဆင်ပြဌာန်းချက်ဟာ တောင်သူတွေအတွက် အဓိကနစ်နာဆုံးရှုံးမှုဖြစ်ပေါ်နိုင်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေရဲ့ သုံးသပ်ပြောဆိုမှုအရ သိရပါတယ်။

အမည်မဖော်လိုသူ ကုန်သည်လုပ်ငန်းရှင်တဦးက”ဆုံးရှုံးမှုတွေအများကြီးရှိတယ်။ဘာလို့ဆုံးရှုံးလဲဆိုတော့ တဒေါ်လာကို ၂၀၀ နစ်နာသွားပြီ၊ တဒေါ်လာကို ၂၀၀ လောက်နစ်နာသွားတော့ အဲ့ဒီအပေါ်တွက်ပြီး စျေးချဝယ်မှ ရတော့မယ်လေ၊အဲ့ဒီလိုဝယ်ရမယ်ဆိုရင် ကုန်ထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအများကြီးနစ်နာမယ်၊ဥပမာဆန်တစ်အိတ်ကို ၃သောင်း နဲ့ဝယ်နေကြကို ၂၈၅၀၀ လောက်နဲ့ပဲဝယ်နိုင်တော့မယ်။ကုန်သည်တွေကတော့ အဆင်ပြေမှဝယ်မှာ ကိုက်မှဝယ်မှာ။တောင်သူလယ်သမားတွေကလည်း မရောင်းလို့မှမရတာလေ၊အဓိကတောင်သူလယ်သမားတွေပဲထိခိုက်မှာ၊ကုန်သည်ကတော့ ရောင်းရင်ဝယ်မယ်၊မရောင်းရင်မဝယ်ဘူး အမြဲတမ်းအရှုံးခံမဝယ်ဘူး “လို့ ပြောပါတယ်။

အဲ့ဒီလို ဆုံးရှူံးနစ်နာမှုတွေကြောင့် ပြည်ပပို့ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပဲမျိုးစုံ၊နှမ်းမျိုးစုံ၊သကြား စတဲ့လယ်ယာထွက်ကုန်ပစ္စည်းအားလုံးကို စျေးချဝယ်ရတော့မှာဖြစ်လို့ ဒီစနစ်ဟာ တောင်သူလယ်သမားတွေကို အဓိကထိခိုက်မှာဖြစ်တယ်လို့ သုံးသပ်ထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁၊ ၁၂ နဲ့ ပုဒ်မ ၁၃ ပါ သတ်မှတ်ပြဌာန်းချက်တွေအရ နိုင်ငံခြားငွေကို မြန်မာနိုင်ငံအတွင်း ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေတွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်း(AD)လိုင်စင်ရဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်ရမယ်လို့ ပြောထားပြီး မလိုက်နာပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့လည်း ပြောဆိုထားပါတယ်။

“ဒီစနစ်က လုံးဝမကောင်းဘူး၊ လုံးဝလည်းမကြိုက်ဘူး၊ လုံးဝလည်း အဆင်မပြေဘူး။ ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ချက် ၁၈၅၀ ၊ အပြင်မှာ ဝယ်ရတာက ၂၀၅၀ ရှိတယ်။ အဲ့ဒီတော့ သူတို့၁၈၅၀ ပေးတာကို ငါတို့ကလက်ခံရမယ်ဆိုရင် ငါတို့ကနစ်နာတယ်။ အရင်ကလက်ထဲမှာ ၁လအထိ ထားလို့ရတယ်၊အခုက ဒီနေ့ဝင် ဒီနေ့ပြန်ရောင်းရတယ် ” လို့နောက်ထပ် ကုန်သည်တဦးကလည်း ပြောပါတယ်။

ဒေါ်လာကို ပြန်လည်ဝယ်ယူတဲ့အခါမှာလည်း AD လိုင်စင်ရဘဏ်တွေကို ရောင်းချခဲ့တဲ့ ဗဟိုဘဏ်သတ်မှတ်ချက် ၁၈၅၀ အတိုင်း လိုသလောက်ဝယ်ယူခွင့်ရရှိအောင်လုပ်ပေးဖို့လည်း လိုအပ်ကြောင်း၊ အဲ့ဒီလိုမဟုတ်ပါက ပြည်ပပိုကုန့်တွေဖြစ်တဲ့ လယ်ယာထွက်ကုန် သီးနှံတွေစျေးနူန်းကျဆင်းပြီး တောင်သူတွေအထိနာမှာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုထားပါတယ်။

အဲ့ဒီလိုပြောင်းလဲသတ်မှတ်လိုက်တဲ့စနစ်နဲ့ပတ်သက်ပြီး စီးပွားရေး ရေးပညာရှင်ဒေါက်တာစိုးထွန်းကတော့ ” Export ရတဲ့ကိုယ့်ဒေါ်လာကိုဘဏ်ကို ရောင်းရင်သာ အိမ်/ ရုံး ကနေ ငုတ်တုတ်ထိုင်ပြီးလွယ်လွယ်လေး ရောင်းပေးရတာ၊Import အတွက် အသုံးလိုလို့ ကိုယ့်ဒေါ်လာကိုယ်ပြန်ဝယ်ရင် BOD ဒါရိုက်တာ အဖွဲ့ဝင်ကိုယ်တိုင် document တစ်ထပ်ကြီးကိုင်နဲ့ အစိုးရရုံးမှာ ဟိုနားမတ်တပ် ၊ ဒီနားမတ်တပ်နဲ့ ဟိုလူ့ မျက်နှာချိုသွေး ဒီလူ့မျက်နှာချိုသွေး တစ်နေကုန် ဖတ်ဖတ်မောနေရမှာပါ။စားဖို့သောက်ဖို့ အဆင်မပြေ၊ အပေါ့အလေးသွားရတာအဆင်မပြေ တော်ကြာ ဆီးချုပ်ဝမ်းချုပ် ရေငတ်/ အစာအချိန်မမှန် နဲ့ Covid-19 ကလည်းကူးနိုင်သေးနဲ့ ဒေါ်လာလည်း ဝယ်ခွင့်ရ တမလွန်လဲရောက်ဖြစ်နေအုံးမယ်။ သက်ဆိုင်ရာ အစိုးရဝန်ထမ်းတွေက အစည်းအဝေးတက်နေလို့၊ လူကြီးခေါ်ခိုင်းထားလို့နဲ့” တစ်ရက်ထဲ အဆင်မပြေရင် နောက်တစ်ရက်ပြန်ထပ်သွားရမှာပါ။ Import များလို့ အကြိမ်ကြိမ် လိုင်စင်လျှောက်/ ဒေါ်လာဝယ်ဖို့ လိုမယ့် Company ဆိုရင် ဒါရိုက်တာတဦးက စီးပွားကူးသန်းရုံးရှေ့မှာ တဲထိုးပြီးနေရမလိုများ ဖြစ်နေမလား “ဆိုပြီး သူရဲ့ကိုယ်ပိုင်လူမှူကွန်ယက်စာမျက်နှာကနေ သုံးသပ်ရေးသားဖော်ပြထားပါသေးတယ်။

အရင်က ပို့ကုန်ရငွေတွေကို ရက်ပေါင်း ၃၀အတွင်း ကုန်သည်လက်ထဲကိုင်ဆောင်ကာ လိုအပ်တာကိုသုံးစွဲနိုင်ပြီး ပိုတာကိုမှ AD လိုင်စင်ရဘဏ်တွေကို ဈေးကွက်ပေါက်စျေးအတိုင်း ရောင်းချဖို့ ဗဟိုဘဏ်ကညွန်ကြားထားမှုကို ပြန်လည်ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါ်လာငွေ၁၈၅၀ #ထုတ်ပြန်ချက် #ကုန်သည်တွေအဓိကနစ်နာမှုဖြစ်ပေါ်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW