ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၂)

×××××××××××××××××××××××××××
ဆူးငှက်

“သန့်ရှင်းဖြူစင် မြတွေတို့အသွင်
မြအဆင်းကြည်လင် …ရေလောင်းနှစ်ကူးတဲ့ ခင်တို့ကိုလေ
မာပါစေအကြိမ်ကြိမ် ဆုမိန်မိန်
မမောတမ်းလောင်းရုံမကသေးပေါင် .. ကျေးဇူးလည်းတင်
ဟိုနှစ်ဆီထွင် …တွေ့သားပေါ့ခင့်ကို
ဒေဝစ္ဆရာနတ်မျိုးလို့ပဲထင်
ဒီနှစ်မြင်ပြန် ယဉ်ပုံတွေ စာဖွဲ့လေမရိုးပေ
ခါရေအကြို မှန်တယ်ထင် …”
ဆရာမြို့မငြိမ်း ‘အေးအေးချမ်းချမ်း’ တေးသွားငြိမ့်ငြိမ့်နှင့်အတူ ငွေငန်းအလှပြယာဉက ပြန်လည်ထူထောင်ရေးအတွက် အားခဲနေသော မန္တလေးမြို့၏ ပြတိုင်းစေ့ သွားရောက်လှည့်လည်ရင်း အမျိုးသမီးရေသဘင်အသင်းများနှင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲ ဆင်နွှဲခဲ့ကြပုံကို ကြုံခဲ့ကြရသူတိုင်းက ယနေ့တိုင် မမောနိုင်၊ မပန်းနိုင် ပြောပြနေကြဆဲ ဖြစ်သည်။

ကွယ်လွန်သူ မြို့မနာယကကြီဦးတင်အေးကမူ ထိုနှစ်(၁၉၄၇)က ငွေငန်းမြို့မ အလှပြယာဉ်ကြီး သူနေထိုင်ရာ ဝါးတန်းရပ်သို့ တစ်ညနေတွင် ဝင်ရောက်လာသောအခါ အသင်းသားများက သီချင်းစာရွက်လေးတွေ
ကိုယ်စီကိုင်ပြီး သီချင်းတစ်ပုဒ်ကို သံပြိုင်သီဆို တီးမှုတ်လာကြသည်ဟု ဆို၏။
“ပျော်ပါစေမယ် လာကွယ်အလှရယ်
ရေပက်ခံမယ်၊ မြို့မ မြို့က မတူနွှဲပျော်တယ်
သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းတယ်
ပက်စမ်းခင်ရယ် …၊
မြို့မမြို့မ နှစ်ကူးပျော်မယ်…
ရှုမဝနိုင်တယ် လွန်တင့်တယ် …
လိုက်ခဲ့ပါလားကွယ် လုံမငယ်ရယ် …
အလှဂုဏ် အမျိုးမျိုးတိုးလို့
မြို့လုံးပတ် နယ်လုံးပတ်လည်
တူစုံနွှဲလို့ရေပက်ခံမယ် …”ဟူသော သီချင်းသံနှင့်အတူ ကလယ်ရီနက်က တေးသွားအတိုင်း အပြန်အလှန် လူးကာလွန့်ကာ ရက်ဖောက် မှုတ်သွားသံကြားရ၍ ကြက်သီးမွေးညင်းတမျှ ခံစားရသည်ဟု မြို့မဦးတင်အေးက ဆိုသည်။

ထိုသီချင်းမှာ ဆရာဦးဘသိန်းရေးစပ်သော သီချင်းဖြစ်ပြီး ကလယ်ရီနက် မှုတ်သူမှာ ကွယ်လွန်သူမြို့မနာယကကြီး တောင်မြို့ ဦးကိုလေးဖြစ်သည်။ ထိုနှစ်က ဆရာမြို့မငြိမ်းရေးသားသော ‘အေးအေးချမ်းချမ်းလောင်းစမ်း သင်္ကြန်ရေ.’ အစဦး ‘အေးအေးချမ်းချမ်း’သီချင်းကဲ့သို့ အခံ့အညားသီချင်းများနှင့်အတူ ဆရာဦးဘသိန်း၏ မြူးကြွသွက်လက်သော’ရေပက်ခံမယ်’သီချင်းကလည်း လူတိုင်းပါးစပ်ဖျား ရေပန်းစားသွားခဲ့သည်။

ထိုနှစ် မြို့မအဖွဲ့၏ သီချင်းသစ်များတွင် ယနေ့အထိ
ထင်ရှားကျော်ကြားနေသော’မန်းတောင်ရိပ်ခို’သီချင်းနှင့် အတူ “ရေလောင်းရေပက် ခံလာတယ်၊ သူငယ်ချင်းရင်းတဲ့ လုံမေရယ်”အစချီ ‘ရေလောင်းရေပက်’သီချင်းလည်း ပါဝင်ခဲ့သည်။

စစ်ကြီးလည်းအပြီး မြို့ပြပြန်လည်ထူထောင်ရေးများလည်း အရှိန်ရလာသော ကာလမို့ တစ်ဖက်ကလည်း
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖ.ဆ.ပ.လအဖွဲ့ကြီးက အင်္ဂလိပ်အစိုးရနှင့် လွတ်လပ်ရေးအတွက် တောင်းဆိုညှိနှိုင်းမှုများဖြင့် လမ်းစပေါ်နေသည့် အချိန်လည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကပဲ ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် မြန်မာ-တောင်တန်း သဘောတူစာချုပ်ဖြင့် စည်းလုံးညီညွတ်မှုကြီးခိုင်မာစေခဲ့ပြီ။ လူတိုင်း၏ အာရုံနှင့် အနာဂတ်စိတ်ကူးများ၌ ‘လွတ်ကင်းရေးရရင် …’ဟူသောအစီအမံများနှင့်ချည်းဖြစ်​၏။

လွတ်လပ်ရေးရရင် သိပ္ပံနည်းပညာတွေ လေ့လာလိုက်စားကြပြီး အာကာသယာဉ်ကြီးဖြင့် စကြဝဠာအနှံ့ သွားမယ်ဟူသော စိတ်ကူးဖြင့် အာကာသယာဉ်ပုံစံဖြင့် နာမည်ကျော် ‘ရှုတိုင်းယဉ်’ရေသဘင်အဖွဲ့က ဆင်နွှဲသည်။

နန်းရှေ့လူငယ်များကတော့ လွတ်လပ်ရေးကို လွယ်လွယ်နှင့်မရလျှင် ဒီလို ရေတပ်တိုက်သင်္ဘောကြီးတွေနှင့် အရယူမည်ဟူသော စိတ်ကူးဖြင့် ဝေဟင်ပစ်၊ မြေပြင်ပစ် အမြှောက်ကြီးများနှင့် တိုက်သင်္ဘောကြီးဆင်၏။

ဟော မန္တလေးယူနီဗာစီတီကောလိပ်ကလည်း ထိုနှစ်သင်္ကြန်မှာ ရေသဘင် အသင်းဖွဲ့စည်းကာ ပါဝင်ဆင်နွှဲကြ၏။ ကျောင်းအုပ်ကြီးဇေယျာမောင် ဦးကိုလေးကို ဂါရဝထားပြီး ‘တက္ကသိုလ်မောင်’ရေသဘင် အလှပြယာဉ် ထွက်ခဲ့သည်။ သီချင်းများကို မြို့မငြိမ်းနှင့် ဆရာညှာတို့က ရေးစပ်ပေးခဲ့ကြ၏။ စန္ဒရားဆရာမှာ
ဆုတောင်းပြည့်ဘုရားအနီးမှ ဂီတလုလင် ကိုညိုကြီး ဖြစ်သည်။

မြို့မငြိမ်းက ‘တက္ကသိုလ်မောင်’အတွက် …’သင်္ကြန်ပွဲတော်ပွဲ။ ဆင်နွှဲလာပါတယ်
မန်းရွှေမြို့သူ၊ ဖော့နုအူမေရယ် ..
ဖျန်းပက်စေချင်လို့ ဆက်သွယ်
တက္ကသိုလ်မောင်လေးတို့ မေတ္တာရေစင်အေးလို့ရယ်
အသည်းမှာစွဲအောင် ရွှဲရွှဲကြီးစိုစေကွယ် …’အစချီသီချင်းတစ်ပုဒ်ကို ရေးစပ်ပေးခဲ့၏။

ထိုသီချင်းတွင်

“အပြုံးမပျက်ပေါင်၊ ချစ်ကြည်သူတွေရယ် …
ကျေးဇူးတွေ တင်လွန်လွန်းလို့
ခင်တို့တစ်အိမ်လုံးရွှင်ပြုံးကျန်းမာစေကွယ်…၊
ကျောင်းပိတ်တဲ့နေ့ရက်အားဝယ်
အနားယူကာ ရေသဘင်ဆင်တယ်။
ကောလိပ်သူ အတူနေများကို ပြောမိတာအမှန်ပါခင်ရယ်၊
ရွှေမန်းသူတွေကိုလေ လွမ်းတယ်လို့
ဗာစီတီမှာနေလည်း အမြဲမေတ္တာပို့ပါတယ်…”ဟူ၍ ဆက်လက်ပါရှိခဲ့သည်။

နောက်အပိုဒ်တွင်
“ပျော်ပျော်ရွှင်ရွှင် အခါတော်နှစ်ကူးချိန်ဝယ်
မောင်မယ်တွေ ရွှင်လန်းပါစေချင် လာပြီခင်ရေ …
လူငယ်မောင် တက္ကသိုလ်တွေကို
ပက်ဖျန်းရေစင် စိုစေချင်။
ဖျန်းပက်ပေးပါလားလို့ ရင်းချာသောစိတ်ထားလျှင်
မုန်းပါဘူးရေရွှဲတော့ အလည်းဝယ်စွဲရုံပေါ့ခင်၊
သူဇာနွယ်ဝင် စန္ဒာငွေမင်းပုံသွင်
မာပါစေဆုတောင်းပါတယ် … သင်္ကြန်မေခင် …”တဲ့။

ထိုနှစ် (၁၉၄၇ခုနှစ်) သင်္ကြန်မှာပင် ဆရာမြို့မငြိမ်းသည် သင်္ကြန်အသင်းများအတွက် သီချင်းပုဒ်ရေ
(၂ဝ)ကျော်အထိ စပ်ဆိုပေးခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ပေသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW