စစ်ကိုင်းတိုင်းမှာ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ အဆောက်အဦးနဲ့ မြေနေရာပေါင်း ၁၀၀ နီးပါးအထိ ရှိလာ

ဧပြီ ၊ ၂၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းက မြို့နယ် ၃၀ ကျော်မှာ နိုင်ငံတော်ပိုင်ဆိုပြီး ချိတ်ပိတ် သိမ်းဆည်းခံရတဲ့ အဆောက်အဦးနဲ့ မြေနေရာပေါင်း ၁၀၀ နီးပါးအထိ ရှိလာနေပြီလို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မနေ့က ချောင်းဦးမြို့ ၊ ရန်အောင်မြေရပ်ကွက်ထဲက ကိုမင်းခန့်ဇော်ရဲ့ နေအိမ် အဆောက်အဦးနဲ့ မြေနေရာကို ချိတ်ပိတ်သိမ်းဆည်းတယ် ၊ ဒီကနေ့ မနက်ပိုင်းမှာတော့ ယင်းမာပင်မြို့ ၊ (ဂ) ရပ်ကွက်ထဲက CDM ပညာရေးဝန်ထမ်း ဦးမောင်မောင်ဆွေရဲ့ အဆောက်အဦးနဲ့ မြေနေရာကို ချိတ်ပိတ်သိမ်းဆည်းခံရတယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီလို အဆောက်အဦးနဲ့ မြေနေရာတွေ ချိတ်ပိတ် သိမ်းဆည်းခံရတာဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၀ ကျော်မှာ အရေအတွက်ပေါင်း ၁ ရာ နီးပါးရှိလာ​ပြီလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးရုံးနဲ့ နီးစပ်သူတစ်ဦး ပြောတာက ” အဆောက်အဦးနဲ့ မြေနေရာတွေကို နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းခံရတာက ရွှေဘိုခရိုင် ၆ မြို့နယ်နဲ့ မုံရွာခရိုင် ၄ မြို့နယ်မှာ ပထမအများဆုံး နေရာမှာရှိပြီး ကျန်ခရိုင်တွေမှာက ဒုတိယတန်း လိုက်တယ် ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီလို ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ အဆောက်အဦး နဲ့ မြေနေရာ ပိုင်ရှင်တွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ CDM ဝန်ထမ်းတွေ ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #ချိတ်ပိတ်သိမ်းဆည်း

Related posts

Leave a Comment

VOM News

FREE
VIEW