ပုဂံဘုရားက နံရံဆေးရေးပန်းချီလက်ရာတွေ ခိုးယူဖျက်ဆီးခံရ

မေ ၁-၂၀၂၂
VOM (GG)

ပုဂံက ရှေးဟောင်းဘုရားအမှတ်-၄၂၁ က နံရံဆေးရေးပန်းချီတွေ ခွာယူဖျက်ဆီးခံထားရတယ်လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲက သိရပါတယ်။

အလိုတော်ပြည့်ဘုရားရဲ့ အရှေ့တောင်ဘက်၊ ဗူးလည်သီးဘုရားရဲ့ အရှေ့ဘက်၊ ဝတ္တနတောဘုရားစုရဲ့ အနောက်တောင်ထောင့်မှာရှိတဲ့ ရှေးဟောင်းဘုရားအမှတ် ၄၂၁ ရဲ့အရှေ့ဘက်မုခ်အတွင်း ဆင်းတုတော် လက်ယာဘက်၊ တောင်ဘက်နံရံ အနောက်ဘက်ခြမ်းမှာ အထက်အောက် ရေးဆွဲထားတဲ့ ၄ လက်မ x ၄ လက်မခန့်အရွယ် ၅၅၀ ဇာတ်ကွက် နံရံဆေးရေးပန်းချီ မူလ ၁၈ ကွက်မှာ ၃ကွက် ပျက်စီးနေပြီး အပေါ်ပိုင်း၂ ကွက်တန်း ၃ တန်း ၆ ကွက်ကို ခွာယူဖျက်စီးထားပါတယ်။

ဒါ့အပြင် ဆင်းတုတော်ရဲ့လက်ဝဲဘက် မြောက်ဘက်နံရံ အနောက်ဘက်ခြမ်းမှာ အထက်အောက်ရေးဆွဲထားတဲ့ ၄ လက်မ x ၄ လက်မအရွယ်ရှိ ၅၅၀ ဇာတ်ကွက် နံရံဆေးရေးပန်းချီ ၂၀ ကွက်မှာလည်း ၂ ကွက်ကို ခွာယူဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

နောက်ပြီး မြောက်ဘက်မုခ်အတွင်း ဆင်းတုတော်ရဲ့ လက်ယာဘက် အရှေ့ဘက်နံရံ တောင်ဘက်ခြမ်းက အထက်အောက်ရေးဆွဲထားတဲ့ ၁ ပေ x ၆ လက်မ အရွယ်ရှိ ဇာတ်ကွက် နံရံဆေးရေးပန်းချီ မူလ ၇ ကွက်မှာ ၂ ကွက် ကွာနေပြီး ကျန် ၅ ကွက်ထဲက ပဉ္စမမြောက်အကွက်ကိုလည်း ခွာယူဖို့ ချွန်ထက်မာကြောတဲ့ပစ္စည်းနဲ့ ပန်းချီကွက်ရဲ့ ပတ်ခြာလည်ကို ခြစ်ထုတ်ဖျက်ဆီးထားတာကို စစ်ဆေးတွေ့ရှိရတယ်လို့သိရပါတယ်။

” နံရံပန်းချီတွေဖျက်ဆီးခံရတာပေါ့။ ရုပ်တုအခိုးရပြီးနောက်မှ စစ်လို့သိရတာ၊နောက်ရက်မှ သိရတာ၊ဟိုတနေ့ကမှ သိရတာ၊နံရံပန်းချီတွေကိုခွာထားတာ၊ခိုးတာပေါ့။မလုပ်တတ်တော့ ခွာကျပြီး ပျက်စီးကုန်တာပေါ့။ ရဲကိုလည်း အသိပေးထားတယ်၊ ရုပ်တုခိုးတဲ့လူတွေမိပြီးတော့မှ စစ်တွေ့ရတာ။အရင်က ဘုရားအပြင်ဘက်ကပဲကြည့်ပြီးပတ်တာပေါ့။ အခုကတော့ ချုံတွေဘာတွေတိုးပြီးတော့ အထဲကိုဝင်စစ်ဆေးကြည့်တာပေါ့။ ” လို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောပါတယ်။

လက်ရှိမှာတော့ ခွာယူဖျက်ဆီးခံရတဲ့ နံရံဆေးရေးပန်းချီတွေ ပြန်လည်ရရှိရေးနဲ့ တရားခံတွေ ဖမ်းဆီးရရှိနိုင်ရေး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နံရံပန်းချီတွေ ခွာယူဖျက်ဆီးခံရတဲ့ကိစ္စဟာလည်း ဘုရားအမှတ် ၄၁၈ နဲ့ ဘုရားအမှတ် ၇၁၆ ကရုပ်တုတွေကိုခိုးယူခဲ့သူတွေ အုပ်စုပဲဖြစ်နိုင်တယ်လို့ ရှေး/သုဘက်ကသုံးသပ်ထားပါတယ်။

ရှေးဟောင်းနံရံဆေးရေးပန်းချီလက်ရာရှိတဲ့ဘုရားတွေ၊ ရှားပါးလက်ရာရုပ်တုတွေရှိတဲ့ တောထဲက ချောင်ကျတဲ့ ဘုရားတွေကို သံပန်းတံခါးတွေ တပ်ဆင်ဖို့အတွက် စာရင်းကောက်ယူနေတယ်လို့ သိရပါတယ် ။

၁၈၉၉ ခုနှစ်တုန်းကလည်း ဝက်ကြီးအင်းဂူပြောက်ကြီးဘုရားရှိ နံရံဆေးရေးပန်းချီတွေကို ဂျာမဏီနိုင်ငံသား မစ္စတာထော်မန်ဆိုသူက အချပ်လိုက်လွှနဲ့ဖြတ်ပြီး ခိုးယူခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း မင်းနန်သူရွာအနီးက ဘုရားအမှတ် (၆၆၄)ရှိ အာရုံခံတောင်ဘက်ခြမ်းရှိ နံရံပန်းချီတွေ လွှနဲ့တိုက်ဖြတ်ထားခံရခြင်း၊ မြောက်ဘက်မုခ်အနောက်ဘက်နံရံရှိ နံရံပန်းချီလည်း လွှနဲ့အရာပေးခံထားရတယ်လို့ သိရပါတယ်။

၂၀၂၀ တုန်းကလည်း ဌာပနာဖောက်ခံရတဲ့ ဘုရား ၅ ဆူ ရှိခဲ့သလို အရင်ကာလကတည်းက ဌာပနာဖောက်ခံရတဲ့ ဘုရား/ပုထိုး ၇ ဆူနဲ့ ဌာပနာထည့်သွင်းထားခြင်းမရှိခဲ့တဲ့ ဘုရား/ပုထိုး ၂၁ ဆူရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုဂံ #နံရံဆေးရေး #ခိုးယူဖျက်ဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW