ပခုက္ကူ စက်မှုဇုန်မှာ ၁ ရက်တည်း ၂ ကြိမ်ဓားပြတိုက်ခံရပြီး၊ ဘိလပ်မြေ တွဲကား ၂ စီးပျောက်ဆုံးနေ

မေ ၁-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ စက်မှုဇုန် ကျွဲတဲကျေးရွာမှာ မနေ့ ဧပြီ၃၀ ရက် တနေ့တည်းကွန်ကရစ်စက်ရုံနဲ့ဘိလပ်မြေ သိုလှောင်ရုံတွေမှာ ဓားပြတိုက်မှု၂ ကြိမ် ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ပခုက္ကူစက်မှုလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ဓားပြတိုက်ခံရတဲ့ နေရာ ၂ ခုကတော့ ၊ OK – 9 ကွန်ကရစ်မီးတိုင်စက်ရုံနဲ့ စက်မှုဇုန် ၁ လမ်းမှာရှိတဲ့ ကြံ့နှစ်ကောင် ဘိလပ်မြေ သိုလှောင်ရုံတို့ဖြစ်တယ် ၊ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ ဖြစ်တာ “လို့ စက်မှုလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့အချိန်မှာရှိနေတဲ့ အလုပ်သမားတယောက်က” အိမ်စီးကား ၂ စီးနဲ့ အရပ်ဝတ် သေနတ်ကိုင် လူတွေရောက်လာတယ် ၊ ကျွန်တော်တို့ ဝန်ထမ်းတွေအားလုံးကို ဝမ်းလျားမှောက်ခိုင်းထားတယ် ၊ ပိုက်ဆံနဲ့ ရွှေငွေတွေထားတဲ့နေရာကို လိုက်ပြခိုင်းတယ် ၊ တွေ့မသွားဘူး ၊ အခုဖြစ်စဥ်ကို ဘယ်သူ့မှ ပြန်မပြောရဘူးဆိုပြီး ဝန်ထမ်းတွေရဲ့ ဖုန်းနံပါတ် ၊ နာမည် စတာတွေ ရေးမှတ်ယူသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့သူတွေဟာ ပခုက္ကူ စက်မှုဇုန် ၁ လမ်းက ကြံနှစ်ကောင်ဘိလပ်မြေ သိုလှောင်ရုံဘက်ကို ရောက်သွားပြီးနောက် အဲ့ဒီ ဘိလပ်မြေဂိုဒေါင်ရှိ ကောင်တာက ပိုက်ဆံနဲ့ ဘိလပ်မြေသယ်ယူတဲ့ တွဲကား ၂ စီးကို ယူသွားတယ်လို့လည်း သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်လို့ ကြံနှစ်ကောင် ဘိလပ်မြေ ဂိုဒေါင်နဲ့ နီးစပ်သူတဦးက ” ကောင်တာမှာရှိတဲ့ ပိုက်ဆံ ၅ သိန်းကျော်ယူသွားတယ် ၊ ဘိလပ်မြေသယ်တဲ့ Foton (ဖြူရောင်)တွဲကားယာဉ် (ကုန်မပါ) ကား ၁ စီးကို ၊ ကိုဝင်းထွန်းခိုင် ဆိုတဲ့သူကို မောင်းခိုင်းတယ် ၊ နောက်ပြီး ဘိလပ်မြေ အိတ် ၇ ရာပါတဲ့ Dong Fum (ဖြူရောင်)တွဲကား ကို ၊ ကိုစောလဲဘွဲထူး ကိုမောင်းခိုင်းပြီး ကား ၂ စီးလုံး ယူသွားတာ “လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်မှုဖြစ်စဥ် ဖြစ်ပွားပြီး အချိန်အနည်းငယ်အတွင်းမှာ ပခုက္ကူစက်မှုဇုန်ဘက်ကို စစ်သားနဲ့ ရဲတွေ ကားအများအပြားနဲ့ ရောက်လာတယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်းက ပခုက္ကူခရိုင်ထဲမှာ အခုလို တွဲကားယာဥ်တွေ ပျောက်ဆုံးနေတာရှိတယ် ၊ (ကပစ) ဆီ ကုန်ကြမ်းပို့တဲ့ ကား ၃ စီး အခုထိ ပျောက်ဆုံးနေတယ် ၊ ပခုက္ကူခရိုင်မှာက ရေနံစိမ်းထွက်တယ် ၊ ရေနံစိမ်း မှောင်ခိုသယ်ယူတဲ့လုပ်ငန်းတွေက တွဲယာဥ်ဆွဲတဲ့ကားတွေအသုံးပြုကြတာပါ ၊ အထူးသဖြင့်ကတော့ လိုင်စင်မဲ့ကားဆိုတော့ အဖမ်းခံရရင် ဆုံးရှုံးမှုသက်သာအောင် တမင် လုပ်ဆောင်တာတွေရှိတယ် ” လို့ စက်မှုလုပ်ငန်းရှင် တဦးက ရှင်းပြပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး ပခုက္ကူ စက်မှုဇုန်မှာ ဓားပြအတိုက်ခံရတယ်ဆိုတာကို သတင်းအချက်အလက်သာ သိရှိရပြီး ၊ တိုက်သွားတဲ့ ဓားပြတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာကို VOM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။

#voiceofmyanmar #VOM #ပခုက္ကူ #စက်မှုဇုန် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW