တနင်္သာရီက ထုံခါအကျဉ်းစခန်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်အကျဆုံးရှိ

မေ ၈-၂၀၂၂
VOM (GG)

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းမှာ ဒီကနေ့ မေလ ၈ ရက်နေ့ မနက်အစောပိုင်းက နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ အကျဉ်းစခန်းဘက်က ၃ ယောက်သေဆုံးခဲ့သလို ဒဏ်ရာရသူတွေရှိခဲ့ပြီး PDF ဘက်ကလည်း တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” မနက် ၅ နာရီလောက်မှာ နှစ်ဖက်ပစ်ခတ်ကြတာ။ PDF ဘက်က အရင်ဝင်စီးပြီးပစ်တာ။ နှစ်ဖက်အထိခိုက်ရှိတယ်လို့ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။

ထုံခါအကျဉ်းစခန်းကို မြိတ်ခရိုင် PDFတစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန်က မိနစ် ၂၀ လောက်ရှိခဲ့တယ်လို့သိရပါတယ်။

တနင်္သာရီ PDF အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မြိတ်ခရိုင် တပ်ရင်း(၂)ရဲ့ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းစခန်းဘက်က ၃ဦး ကျဆုံးကာ၊ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး(၃ဦး ကျဆုံးရန်အခြေနေရှိ) ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပူးပေါင်းအဖွဲ့က တဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ထုံခါအကျဉ်းစခန်းဟာ ရေဖြူစစ်ဗျူဟာနဲ့ သုံးမိုင်ခန့်ကွာဝေးတဲ့ အကျဉ်းစခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး ဒီနေ့ မနက် ၁၀ နာရီလောက်မှာပဲ တနင်္သာ ရီမြို့နယ်၊ ညောင်းပင်ကွင်းကျေးရွာက စက်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက(ကြည်း)ပိုင် ရာဘာစက်ရုံမှာလည်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တနင်္သာရီ #ထုံခါအကျဉ်းထောင် #နှစ်ဖက်ပစ်ခက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW