လှံဖျားထိပ်က ပန်းပွင့်များ

ဆူးငှက်

၁၉၈၈ ခုနှစ်နောက်ပိုင်း မွေးဖွားလာသော အသက် ၁၉နှစ်အရွယ်၊ အနှစ် ၂၀အရွယ် လူငယ်တွေက မန္တလေးအငြိမ့် အော်ပရာဆိုတာကို သိရှိခံစားဖူးကြမှာမဟုတ် …။

အရင်က မန္တလေးမှာ အငြိမ့်အဖွဲ့တွေ လေးဆယ် …၊ ငါးဆယ်ရှိနေရာက တဖြုတ်ဖြုတ်နှင့်ကြွေသွားလိုက်ကြတာ ဒီကနေ့ အငြိမ့် ၃ဖွဲ့သာ ကျန်တော့သည်အထိပင် …။ အငြိမ့်ဆိုသည်ကလည်း တစ်နေကုန်ခြစ်ခြစ်တောက် ပူထားသော ကတ္တရာလမ်းပေါ်မှာ စင်ထိုးပြီး ဖျာခင်းကြည့်ရသည့် ကြည့်ချင်ပွဲမို့ ဒီကနေ့ လူငယ်တွေနှင့် မကိုက်လှ။

၁၉၈၈ အကျော် ၁၉၉၀ ဒီဘက် လူထုဖျော်ဖြေပွဲတွေ ပြန်လည်ခေါင်းထောင် နာလံထူလာချိန်တွင် ဇာတ်၊ အငြိမ့်ကဲ့သို့သော ရိုးရာပွဲခင်းများကို အဆင့်မြင့်ဇာတ်ရုံကြီးတွေထဲ ချက်ချင်းမထည့်သွင်းနိုင်ခြင်းကလည်း နောက်မျိုးဆက်နှင့် ကွာဟစေသော အချက်တစ်ချက်ဆိုတာ ငြင်းခုန်ဖွယ် မရှိချေ။

မည်သို့ဆိုစေ ကိုလိုနီခေတ်ဦးကတည်းက မန္တလေးတွင်ဖြစ်ထွန်းခဲ့သော အငြိမ့်သည် ၁၉၈၀ဝန်းကျင်တွင် “အော်ပရာ”များဖြင့် လူထုဆန္ဒ၊ လူထုအာသီသအပေါ် တစ်စုံတစ်ရာဖြည့်ဆည်းနိုင်မှု တာဝန်ကျေခဲ့သည်။

××××× ×××××

၁၉၇၀ ဝန်းကျင်ကာလများအတွင်း လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲနှင့် ရွှေမန်းတင်မောင် စာအုပ်များ ထုတ်ဝေသည်။ ကျွန်တော်က “အငြိမ့်”ကို ပိုကြိုက်သည်။ ကျွန်တော် “အငြိမ့်” ကို ဖတ်ရတာ စာအုပ်ထွက်ပြီး ၆နှစ်၇နှစ်မှ ဖြစ်သည်။ သို့သော် ကိစ္စမရှိ၊ အကြောင်းအရာ အချက်အလက်တိုင်း အသစ်အဆန်းချည်း ဖြစ်နေသည်။

ထိုအချိန်က ကျွန်တော်တို့ကလည်း လူပျိုဖားဖားမို့ မန္တလေး၏ ဆူဖြိုးကြွယ်ဝလှသော အငြိမ့်ပွဲခင်းများဆီ ညစဉ်မပြတ်ရာက်ရှိကာ ရင်ထဲခံစားရသော မင်းသမီး၏ မျက်လွှာတစ်ပင့်အတွက် အငြိမ့်စင်ထောင့် သန်းခေါင် သန်းလွဲအထိ ရင်ခုန်ခံစားနေသော ကာလများလည်းဖြစ်ပါ၏။

ထို့ထက် အငြိမ့်အပေါ် ပိုမိုလေးနက်စေသော အကြောင်းခြင်းရာများက ၁၉၇၀ ကျော်ဝန်းကျင် အုံနှင့်ကျင်းနှင့် ငွားငွားစွင့်စွင့် ဖူးပွင့်ခဲ့ကြသော ဟံသာဝတီသတင်းစာ စာမျက်နှာများပေါ်က မန္တလေးလူငယ် ကလောင်များသည် ရုတ်ခြည်းနရာပျောက်ရာမှ ဝါသနာအရင်းခံနှင့် ရေမြေအရ သူတို့၏ ကလောင်ဖျားက “သဘောထား”များလည်း မန္တလေးအငြိမ့်စင်များဆီ “အော်ပရာ” များအဖြစ် အပြိုင်းအရိုင်း ဖူးပွင့်ဝေဆာသဖြင့် ထိုထိုပန်းပွင့်များကိုလည်း သံယောဇဉ်ကြီးစွာ ခံစားတက်ကြွနေခြင်းလည်း ဖြစ်သည်။

စာမျက်နှာထက်မှာ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြပါဖူးခြင်း မရှိသေးသော်လည်း ဝါသနာက မတားဆီးနိုင်လို့ အကြမ်းရေးခြစ်ထားသော ဆောင်းပါးတွေ၊ စာအုပ်ဝေဖန်ချက်တွေ၊ စာတမ်းတွေ ဗလပွနှင့် စိတ်ကူးအယဉ်ကြီး ယဉ်နေချိန်တွင် အော်ပရာဇာတ်ညွှန်းများကလည်း ထိုစိတ်ကူးယဉ်မှုများတွင် အသစ်ထိုးနံပါတ်စဉ်များဖြစ်သည်။

မန္တလေးအငြိမ့်တွေအပေါ် စွဲမက်နေချိန်တွင် လူထုဒေါ်အမာ၏ “အငြိမ့်” ပ၊ ဒု နှစ်အုပ်တွဲက “လက်တွေ့” နှင့် “သဘောတရား” ပေါင်းစပ်လေ့လာသင်ယူသည့်ပမာဖြစ်၏။

“အငြိမ့်မှာ မင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် ၃ပိုင်းရှိတယ်။ အငြိမ့်မင်းသမီးက သီချင်းဆိုပြီး ကတာပဲ၊ သူသီဆိုတဲ့ သီချင်းက ဖေတော့မောင်တော့ ရည်းစားမျှော်သီချင်းပဲ ဖြစ်ရမယ်လို့ လှေနံဓားထစ် သတ်မှတ်ပေး မထားပါဘူး။ အငြိမ့်မင်းသမီးသီချင်းက ခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့။ အချိန်အခါကိုလိုက်ပြီး လူတွေ လှုပ်ရှားစိတ်ဝင်စားနေတဲ့ အကြောင်းအရာ ဘာကိုမဆို သီချင်းဆိုလို့ ရပါတယ်။

အငြိမ့်သီချင်းဆိုတာ ဘယ်အကြောင်းအရာမျိုးကိုသာ ရေးစပ်ထားတာဖြစ်ရမယ်လို့ ဘယ်တုန်းကမှလည်း မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူကမှလည်း သတ်သတ်မှတ်မှတ် ရေးစပ်ပေးမနေပါဘူး။

ဒါကြောင့် အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လည်းရှိ၊ စစ်ရေးနဲ့လည်းရှိ၊ နိုင်ငံရေးနဲ့လည်းရှိ၊ လူမှုရေးနဲ့လည်းရှိ ဆိုသလို အရေးမျိုးစုံ ရှိနေပါတယ်” တဲ့။
ဟုတ်တာပဲ …။ အခြားမကြည့်နှင့်၊ နာမည်ကျော် အငြိမ့်မင်းသမီး လေဘာတီမမြရင်၏ သီချင်းမှာပဲကြည့် …၊ အကြောင်းအရာ မျိုးစုံသည်။ Media သဘောထင်ဟပ်သည်။ ပွဲကြည့်ပရိသတ်(ဝါ)လူထုကို Information ပေးတာတွေ ရှိသည်။ ရွှေပဟိုရ်စည်သံသီချင်းတို့၊ တုံးကျော်မ သီချင်းတို့၊ အိမ်တော်ရာဘုရားဈေးသီချင်းတို့မှာ ထိုသဘောတွေပါသည်။

လူထုဒေါ်အမာက ဆက်၍ သုံးသပ်ပြထားသေး၏။ “မင်းသမီးချည်းလား၊ လူပြက်ကကော ဘယ်လိုလဲလို့ မေးရင်၊ အငြိမ့်မှာချစ်စရာ မြတ်နိုးစရာ အကောင်းဆုံး အင်္ဂါတစ်ရပ်ဟာ လူပြက်တွေရဲ့လွတ်လပ်စွာ ဝေဖန်သရော်ပျက်ရယ်ပြုခွင့် အစဉ်အလာပဲလို့တောင် ပြောရမလောက်ဖြစ်ပါတယ်။ လူပြက်ရဲ့အလုပ်က မင်းသမီး က,လို့ ဆိုလို့ မောရင် အမောပြေအောင် ကြားဝင်ပြီး ရယ်စရာပက်ရတဲ့ တာဝန်ဟာ သူတို့တာဝန်ပေါ့။ ဒီလို တာဝန်ရှိရာမှာ “လူပြက်မည်သည်၊ ဘယ် အကြောင်းအရာကိုသာ ပျက်ရယ်ပြုနိုင်သည်။ ဘယ်အကြောင်းအရာမျိုးကို ပျက်ရယ်ခြင်းမပြုရ” လို့ ဘယ်မင်းဘယ်စိုးကမှ အမိန့်ထုတ်ပြန်ထားခြင်းမရှိခဲ့ဘူး။ ပဒေသရာဇ်ခတ်မှာတောင်မှ လူပြက်မှာ လွတ်လပ်ခွင့်အပြည့် ရှိခဲ့တယ်။ ဒါကြောင့် စည်းမစောင့်တဲ့ လူပြက်ကျတော့ နတ်နေကိုင်းတောင်မချန်ဘူး၊ ဘာသာရေးလည်း ထည့်ပြက်တာပဲ။ အဲသလောက် လွတ်လပ်ကြတယ်။ အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ အငြိမ့်ပွဲကိုလည်း လူတွေက လွတ်လွတ်လပ်လပ်ပဲ ပွဲခံကြတယ်” ဟုဆိုသည်။

၁၉၈၀ ဝန်းကျင်၏ များပြားလှသော မန္တလေးအငြိမ့်ဝင်များတွင် လူပြက်များ၏ ပျက်လုံးများက (အထိုက်အလျောက် အထိန်းအကွပ်ကြားမှပင်) လူထုဝေဒနာကို ထပ်ဟပ်နိုင်ခဲ့သည်။ ထို့ပြင် ကနဦး ကပြခဲ့ကြသည့် “အော်ပရာ” များတွင်လည်း အနုပညာမြောက်စွာဖြင့် ခေတ်ကို ထင်ဟပ်စေနိုင်ခဲ့သည်။ ဝေဖန်နိုင်ခဲ့သည်။ ဦးတည်ချက် တစ်ခုဆီ ရည်ရွယ်နိုင်ခဲ့သည်။

××××× ×××××

ဘေ့စ်ဂစ်တာ၏ အလှန့်သံနှင့်အတူ မီးချိန်းအမှောင်မှာစပေါ့လိုက် လိမ္မော်နုရောင်က “သင်္ဃမိတ္တာ” ၏ အံကြိတ်ထားသည့် ရုပ်ပုံကိုပဲ ကွက်၍ မှိန်မှိန်ပျပျ ထင်သည်။ ဂစ်တာသံအပါးတွင် …

“သမီးတော်ဟာ ခမည်းတော်အတွက်သာ စိုးရိမ်ကြောက်ရွံ့နေတာပါ။ ခမည်းတော်က မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်စွာမြင့်မားမှုဟာ လက်နက်ထဲမှာသာရှိတယ်လို့ ယုံကြည်ထားသူမဟုတ်လား”

“ဘာ ခမည်းတော်ကို ပြန်ပြီးလျှောက်ထားစမ်းပါဦး … သင်္ဃမိတ္တာရဲ့။ မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ ဟောဒီ လက်နက်ကလွဲလို့ ဘယ်မှာများရှိဦးမှာလဲသမီးတော်ရဲ့၊ ဟား … ဟား … ဟား …”

“မင်းဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မှုဆိုတာ နှလုံးသားထဲမှာသာ တည်ရှိပါတယ်။ နှလုံးသားရဲ့ ကျယ်ပြန့်မှု၊ သန့်စင်မှု၊ ကြီးမြင့်မှုကသာ၊ တကယ့်ကြီးကျယ်မြင့်မားမှုပါ ခမည်းတော် ..”
အသောက ခေါင်းကိုယမ်း၍ မျှင်းမျှင်းမျှရယ်သည် ..။

ကျွန်တော်သည် အငြိမ့်စင်ပေါ်မှ အော်ပရာဇာတ်ကွက်တွင် နစ်မျောနေရင်း ရင်တလှပ်လှပ် ခုန်နေသည်။
လူထုဒေါ်အမာ၏ “အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလိုလွတ်လပ်တာနဲ့အတူ …” ဟူသော ရေးသားချက်ကိုလည်း တနုံ့နုံ့သတိရနေ၏။လှံဖျားထိပ်က ပန်းပွင့်များ..။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW