မိုးတွင်း ပျိုးခင်းရှာပုံတော်

ဆူးငှက်

၁၉၅၀ ဝန်းကျင်၊ မန္တလေး…
သင်္ကြန်ပြီးကတည်းက အတွေ့စိပ်လာသော ဂီတပါရမီရှင်လူငယ်လေးတွေက အခုတစ်လော မနက်လင်းတာနှင့် အောင်ပင်လယ်ကွင်း ကန်လယ်မှာရှိသော ဘကြီးစိန်တိုက်မှာ စုမိနေကြသည်။ ယဉ်ပျံရွာ ထန်းတောက ပုစွန်ဆိတ်ခုန်နှင့် ကွက်ကြော်လည်း ပါနိုင်တာပေါ့။ ဓားတန်းကိုသန့်နှင့် ဝမ်းကွဲညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဘကြီးစိန်က လူ့ဘ၀ လူ့လောကကို ဂျစ်ကန်ကန် အရွဲ့တိုက်နေချင်သူပီပီ၊ လူသူကင်းဝေးသည့် အောင်ပင်လယ်ကွင်း ကန်လယ်ရှိ ခြံကြီးထဲမှာ တစ်ထပ် အုတ်တိုက်လေးမှာပဲ ခပ်ပျော်ပျော်နေသည်။ သင်္ကြန်အပြီး မိုးဖြိုင်ဖြိုင် မကျခင် ပူပြင်းလှသော မန္တလေးနွေကို ခုခံဖို့က ဂီတပါရမီရှင် လူငယ်လေးတွေအဖို့ ပုစွန်ဆိတ်ခုန်နှင့် ဘကြီးစိန်ခြံက လိုက်ဖက်ညီသည် မဟုတ်ပါလား …။

ကွင်းပေါ်က လေက အပူကို ဖယ်ထုတ်သည်။ တပြန့်တပြော ကွင်းထဲမှာ ပျိုးခင်းနှင့် ရိုးပြတ်တွေ ရှိမည်၊ အိပ်တန်းပြန် ကျေးငှက်တွေရှိမည်။ လှည်းစာမထိုး၍ ကျီကျီအီသော လှည်းဝန်ရိုးသံရှိမည်။ ကျောင်းသား၏ ငေါက်သံရှိမည်။ ကောက်ရိုးတင် ခါးပြတ်မြင်းလှည်းဆီက စည်းချက်ကျ မြင်းခွာသံ ခွပ်ခွပ်ရှိမည်။ ဟိုး …. အရှေ့ ရိုးမအခြေမှ ပျပျမျှမြင်ရသာ ရန်ကင်းတောင်တော်ရှိမည်။ ဒီထက်ပိုပူလာရင် ကွင်းထဲက ပန်းဆေးချောင်းထဲ ရေစိမ်နေရုံပေါ့ …။

အဲသည်မှာ အဲသည်လူစု အဲသလို စုမိကြရင်း အရှိန်လေးရလာတော့ “ဆင်ဖိုနီအိပ်မက်” က ရှင်ပြန်နိုးထလာပြန် သပေါ့လေ …။ ကနဦး မိုးကို ခံစားဖွဲ့ချင်ကြသတဲ့ …။ မြဝတီမင်းကြီး ဦးစ၏ ဘုံပျံနေနန်းထဲက မိုးသာမက “အာကာယံက” မိုးဘွဲ့၊ “အို … ကမ်းလေရယမုန်” မိုးဘွဲ့၊ “မိုးလုံးပတ်လည်” ပတ်ပျိုးတို့က “မိုး”တွေအထိ အိပ်မက်ခြေဆန့်ကြည့်ကြသည်။ ဒါပေမင့် … ကိုဘညိန်းက ကိုယ်ပိုင် မိုးဘွဲ့ လိုချင်သတဲ့လေ …။ ကိုဘညိန်းအဆိုကို အားလုံးက လက်မထောင်လိုက်ကြ၏။ “နိပ်သဟ…”။
ကိုင်း … ဒါဆို၊ မိုးကို ခံစားပြီးမှ ရေးဖွဲ့တာက အရသာရှိမှာပေါ့။ အခုလို သွေးပူနေတုန်းလေး … မိုးကို ခံစားချင်ဘိ။ ခွကျတာက ဒီမှာ မိုးရိပ်မိုးယောင်မျှ မမြင်…။ ပူတယ်လေ … ဆယ်နေကဲ။ မဖြစ်ချေဘူး …။ မိုးကို လတ်တလော စိတ်ဆာနေတဲ့ အာသီသက ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တော့ …။ ဒီနေရာမှာ မိုးမရှိတော့ …။ မိုးရှိတဲ့နေရာ ကိုယ်က သွားရုံပေါ့။ ဘာခဲယဉ်းမလဲ။ ဒီလို စိတ်ကူးကြံစည်ဆဲ …။ အောင်ပင်လယ်ကွင်းထဲမှာ သုတ်ခနဲ တိုက်လာသော လေကလေးကို မထင်မှတ်ဘဲ ထိတွေ့လိုက်ရသည်။ အားလုံးမျက်နှာမှာ တူညီသော ခံစားမှုတစ်ခု ရလိုက်ပါပကော …။

မိုးနံ့ …။ ဟုတ်သည်။ မိုးရနံ့ကို ပါးပါးလေး သယ်ဆောင်လာတဲ့ မိုးသက်လေ …။ အားလုံးမှာ မတိုင်ပင်ရဘဲ မိုးဆီသွားကြဖို့ ကိုသန့်၏ ဗောက်ဝက်ဂွန်ကားလေးပေါ်
တက်လိုက်ကြသည်။ ကိုဘညိန်းက အကြံပေး၏။ ဘီလမ်းရိုးလ်တိုက်မှာ လိုတာတွေ ဝယ်သွားရအောင်တဲ့။
ဟုတ်တာပေါ့ …။ မိုးနှင့်တွေ့ဖို့က အဲဒါတွေ လိုအပ်သည်။ နေဗီကပ် စီးကရက်သံဗူး၊ ဒိန်းမတ်ချိစ်၊ ပရွမ်းဆီးသီးခြောက်၊ ဘရန်ဒီအိတ်ရှေ နံပါတ် ၁၊ အဲလီးဖင့် စတော့ဘီယာ၊ ရုံတော်ကြီး မန္တလေးစားပွဲရုံက ဘဲကင်၊ နံကင်၊ ခေါက်ဆွဲကြော် …။ ဤသို့ဖြင့် …
x x x x x

“ရွာလုဟန်လို့ နေနန်းတိမ်ခိုခို
ဘာပြုမဲ့မာန်ပို၊ မိုးညိုတိမ်ကြီး … ဆီးလို့လေ …
ဝေစီစီ …၊ ရွှေဖီညှာ ညွတ်ကယ်၊ ပန်းဝတ်ကသင်း။
အာကာယံ၊ မလျှံညိုလဲ့ ဆိုင်းလို့လေ …၊
မြိုင်ရဂုံ၊ မှုန်မှုန်ငွေနှင်းငယ် …
လွမ်းလေက ညှင်း …။”
မြဝတီမင်းကြီး ဦးစက “ဘုံပျံနေနန်း” ပတ်ပျိုးကြီးထဲတွင် မိုးဥတုကို အထက်ပါအတိုင်း ဖွဲ့ဆိုခဲ့၏။
“ဘုံပျံနေနန်း” ပတ်ပျိုးကြီးထဲတွင် မိုးကိုသာမဟုတ်၊နွေကိုရော …၊ ဆောင်းကိုရော … ပီပြင်စွာ ဖွဲ့ခဲ့သည်။

၁၉၃၀ ဝန်းကျင်ကာလ မန္တလေးက ဂီတအမြင်ကျယ် လူငယ်လေးတွေ ဥရောပဂန္ထဝင်​ တေးကြီးဘွဲ့ကြီးများက စတင်ထိတွေ့လိုက်စားကြတော့ ဗီသိုဗင်၏ ဆင်ဖိုနီ နံပါတ် ၅ ကို အားထုတ်နားဆင်ရင်း ရာသီဘွဲ့ အသံသဘောတရားများကို တီးခေါက်မိကြသည်။ ဗီသိုဗင်ကလည်း Winter, Autumn, Spreing, Summer
ဟူသော ဥရောပ ၄ရာသီကို ဂီတဖြင့် ဖွဲ့သီခဲ့သည် မဟုတ်ပါလော …။
Winter ဟူသော ဆောင်းမှာ ဆောင်းနှင့် လိုက်ဖက်သည့် တယော၏ အတွဲ့အနွဲ့ …၊ Autumn ဆောင်းအဝင် သစ် ရွက်တွေကြွေချိန် ဘယ်သံကလယ်ရီနက်၊ ဘတ်(စ)ဆန်း စသည့် ငြီးငွေ့ဖွယ်အသံများ …၊ Spring ဟူသည့် မိုးရာသီမှာ မိုးဓာတ်နှင့် သစ်ရွက်နုလေးတွေ တဖြည်းဖြည်း ထွက်ပြူလာပြီး ငှက်ကလေးတွေ တီတီတာတာပျာ်မြူးလာကြချိန်၊ အသွားဆော့ အသွားနော့လေးတွေနှင့် ညာသံတယောနှင့်မြူးမြူးကြွကြွတေးသံ …။

Summer နွေဥတုရောက်ပြန်တော့ သရုပ်ကိုဖော်သည့် Brass Saction Tuba ကို ထရန်ဘုန်း၏ ခြိမ်းခြောက်သံများနှင့် ဆင်ဖိုနီအရသာကို မန္တလေးလူငယ်လေးတစ်စု သဘောခွေ့ပြီး၊ အရသာတွေ့သွားကြသည်။
သည်တော့ … မန္တလေးသားများပီပီ မဟာဂီတကို အရိုးအသားထိ လေ့လာလိုက်စားကြသူများမို့ ဗီသိုဗင်၏ ဂီတကို နားဆင်သဘောပေါက်သွားသည်နှင့် သူတို့ တက်ယူရရှိထားသည့် “ဘုံပျံနေနန်း” သီချင်းကြီးထဲကမြဝတီမင်းကြီး ဦးစ၏ “နွေ၊ မိုး၊ဆောင်း” ရာသီဘွဲ့များကို ပြေးမြင်မိကြတော့သည်။ ဝါသနာရှင်အဆင့်မျှသာမက ပါရမီရှင်များမို့ “ငါတို့လည်း လုပ်လို့ရတာပဲ” ဟူသော ဘဝင်စိတ်က ခေါင်ခိုက်လာကြသည်။

“ဘုံပျံနေနန်း” အစပိုင်းထဲက … “ညွှန်းမပြေလို့၊နေခက်အောင် သာ၊ နတ်ကယ် ဘယ့်နှယ်ဖန်လာရေး၊ ရွှေညာဉ့်လွှာရုံ ခြုံလည်း ချမ်းဝန်လေး …” အပိုဒ်နှင့်
“သော်တာပေါ်လာ၊ ရောင်ယွက်ဖာကွန့်၊ စကြာစုံစုံရွှေ၊ သီဝေမျှော်ကာ၊ဖာယှက်ရောင်ဝှန့်၊ သာလွန်ပူမြဲ ပန်းလှမ်းနိုင် …” အပိုဒ်တို့ကို တယောအုပ်စုနှင့် လွမ်းချင်း …၊

“မြမြမောင်းမောင်း၊ ပြာအညိုရွှေ၊ တိမ်ခြေငွေနှင်းပေါင်း၊ ဝေစီစီ လေပြည်လေညှင်း၊ လုံနိုင်အောင်သာ …” အစချီ အပိုဒ်မှာ တူဘာ(Tuba)တို့၊ ထရန်ဘုန်း (Trombon)တို့၏ အခြိမ်းအခြောက်နှင့်အတူ “ငှက်သံညံစီစီ၊ ပင်ညီဝေ …၊ ရွှေဖီခိုင်ညာလန်း၊မြမြမြန်းမြန်း၊ ငုံပြေပြေ မြိုင်လုံး လွမ်းဖွယ်ဆွေ …” စသော အပိုဒ်မှာ တယော၊ ကလယ်ရီနက်၊ ထရမ်ပက်တို့နှင့်မြူးပြ၊ ဆော့ပြချင်လာကြသည်။မြဝတီမင်းကြီး၏ စာသားများကို တစ်လုံးစီ၊ တစ်ကြောင်းစီ၊ တစ်ပိုဒ်စီ နားထောင်ခံစားခြင်းထက်၊ ဂီတအသံဖြင့် နက်ရှိုင်းစွာ ဖွဲ့သီစပ်ဟပ်ပြခြင်းကို ဆောင်ရွက်လိုလာကြသည်။

ဗီသိုဗင်၏ ဆင်ဖိုနီ အမှတ် ၅ နားထာင်ခံစား သုံးသပ်ပြီးကတည်းက ထိုလူငယ်လေးတွေမှာ အိပ်မက်တွေ ကိုယ်စီကိုယ်စီနှင့် တက်ကြွနေကြတော့၏။ရှေ့တော်ပြေးဝင်းက ပန်းချီကိုဘသက်တဲ့ …၊ တရုတ်တန်းက ကိုဘညိန်းတဲ့ …၊ ဓားတန်းရပ်က ကိုဘဒင်တဲ့ …၊ ကိုသန့် (ခေါ်)ကိုမောင်မောင်တဲ့ …၊ ရှုမဝပန်းချီဆရာ ကိုဘငွေတဲ့၊ ကိုဘအုန်းတဲ့၊ ကိုဘကြင်တဲ့၊ ဆိုင်းတန်းက ကိုမြသိန်းတဲ့၊ ဒေါင်းရိုးက ကိုရင်လေးတဲ့ …။
ကိုယ်စီကိုယ်စီ ကျွမ်းကျင်သော တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ ပုလွေ စသော တူရိယာများအပြင်၊ ဝါသနာရှင် ဦးတော်လုံဆိုသူ တရုတ်အမျိုးသား အပေါင်ဆိုင်ပိုင်ရှင်၏ ဘောနက်တွေ၊ ထရမ်ပက်တွေ၊ ကလယ်ရီနက်တွေ၊ ဆိုက်ဆိုဖုန်းတွေ၊ ထရန်ဘုန်းတွေ စသည့် စသည့် တူရိယာပစ္စည်းတွေ ရရှိ ကျွမ်းဝင်လာကြတော့ ကနဦး မက်ခဲ့သော “ဆင်ဖိုနီ အိပ်မက်ကို” အကောင်အထည်ဖော်နိုင်ဖို့ လမ်းပွင့်လာသည့်သဘော ဖြစ်တော့သည်။

ထို့နေ့က … ကဆုန်လ၏ မိုးဦးလေဦး ကာလဖြစ်မှာပေါ့ …
x x x x x

နေဗီကပ် စီးကရက်သံဗူး၊ ဒိန်းမတ်ချိစ်၊ ပရွမ်းဆီးသီးခြောက်၊ ဘရန်ဒီအိတ်ရှေ နံပါတ် ၁၊ အဲလီးဖင့် စတော့ဘီယာ၊ ရုံတော်ကြီး မန္တလေးစားပွဲရုံက ဘဲကင်၊ နံကင်၊ ခေါက်ဆွဲကြော် …။ ဤသို့ဖြင့် … ကဆုန်လမို့ ခပ်ပွင့်ပွင့်ပူသော နေမှာ အမှတ်မထင်ဝေ့ဝိုက်လာသည့် မိုးသက်လေကလေးကို ဝမ်းပန်းတသာ ငံ့လင့် မိကြသည်။

ထိုစဉ်က မန္တလေး၏တောင်ဘက်ဆုံးအစွန်သည် မန္တလေးတက္ကသိုလ်ပဲ ဖြစ်မည်။ အေလမ်းကျော်တာနှင့် ရတနာပုံခေတ်ကတည်းက တည်ရှိခဲ့သော ဝင်းခြံကျယ်ကျယ်တွင် ချေးမြေနီကျံထားသည့် တစ်ထပ်အိမ်ကလေးတွေ အစုအဝေးနှင့် ပုဏ္ဏားရွာရှိမည်။ ပြီးတော့
ရေနီမြောင်း.. စိုက်ခင်းပျိုးခင်းနှင့်ဗာဓိကုန်းရပ်ကွက်၊ ထို့နောက်… ဗန်းမော် ဘုန်းကြီးကျောင်းတိုက်၊ ပြီးတော့ စိုက်ပျိုးရေးရုံးမှတစ်ဖြစ်လဲ မန္တလေးတက္ကသိုလ်ဝင်း..။ ဒါ..မြို့ပြဧရိယာ အဆုံးဖြစ်သည်။ တက္ကသိုလ်တောင်ဘက် တံခွန်တိုင် …၊ တောင်မြင့်၊ ဒုဋ္ဌဝတီတံတား …၊ သည်အထိ မိုးနှင့် မတွေ့ရသေး …။ မိုးရေ …၊ ဘယ်ဆီမှာလဲလေ …။ အားမလျှော့သေး …၊ ဒုဋ္ဌဝတီတံတားကိုကျော်ပြီး၊ မြစ်ငယ် …၊ ပုလိပ် …။ဟော … မိုးက မဝေးတာ့…၊ အားလုံးမှာ ပျော်မြူးအားတက်သွားကြသည်။ ရှေ့မှာ ကျောက်ဆည် …။ ရွှေသာလျောင်းတောင်ခြေရင်းက ကျောက်ဆည်မှာ မိုးကိုခြေရာခံမိပါပေါ့ …။ မိုးရေ …၊ ဘယ်ပြေးမလဲလေ …။

ဒီလိုနှင့် ကျောက်ဆည်လွန်သည်နှင့် မိုးသက်လေက ပြင်းလာ၏။ မိုးသားက ပိုညို့လာသည်။ မည်းနက်နေသော အဝေးပြေးကတ္တရာလမ်းမက ဟိုး…တောင်ဆီရပြင်ညီ ဆုံမှတ်မှာ မိုးသားနှင့်ရောသွားသည်။ ကားပေါ်ပါလာသူအားလုံး ပျော်မြူးသွားကြပါပကော…။
မိုးက…ရှေ့မှာ လေးဖာလုံအကွာ မှတ်တိုင်လေးတွေ ဆယ်စုသုံးလေးစုကျော် ရိပ်ခနဲ ရိပ်ခနဲ ကျော်အပြီး
မိုးစက်လေးတွေ မျက်နှာလာစင်၏။ ဖြည်းဖြည်းချင်း ပိုမိုများပြားလာသည်။ ကားရှေ့မှန်က ရေသုတ်တံကို လှုပ်ရှားစေမှ မြင်ကွင်းက ကြည်လင်လာသည်။ မိုးကလည်းပီပြင်လာသည်။

“တော်သင့်ပြီထင်ရဲ့”ဟု အသက်ဝါအကြီးဆုံး ကိုဘသက်ကပြောပြီး ကားလေးကိုလမ်းဘေးချကာ ဖြည်းဖြည်း ချင်းရပ်လိုက်သည်။ ငါးဦးသား ကားပေါ်က ဆင်း၊ ရိုးလ်တိုက်က ဝယ်လာသည့် ပစ္စည်းတွေချ..။ လမ်းနှင့်လွတ်ရာ ကွက်လပ်တစ်ခုမှာ ပါလာသည့် စားပွဲခင်းပြီး
ပုလင်းအသီးသီးဖွင့်လိုက်ကြ၏. မိုးက သည်းခနဲ၊ မည်းခနဲ.. ။ မျက်နှာပေါ် ဒလဟောဆင်းလာသည့် မိုးရေတွေကို နဖူးဆီမှ လက်ဖြင့် သပ်ချရင်း ခပ်လှမ်းလှမ်းဆီမျှော်ကြည့်လိုက်တော့ ရှမ်းရိုးမက မိုးရေထဲ ကိုယ်ယောင်ပျောက်သွား၏။ လယ်ကွင်းတွေထဲ မိုးမြားတန်တို့ ဖြိုင်ဖြိုင်စိုက်ကျနေသည်။ စိမ်းနုသွေးပျိုးပင်တို့ မိုးရေ မော့သောက်နေတာ ဣန္ဒြေမပျက် …။

ကိုဘညိန်းက ဖန်ခွက်ထဲက ပယင်းလဲ့လဲ့ကို မိုးရေနှင့် မွှေလိုက်ရင်း ဖျပ်ခနဲ အလင်းတစ်ချက် တောက်သွား၏။ ရပြီ။ မိုးနှင့် ချိန်ကိုက်ထားလေသလားမသိ..၊ အားလုံးစိမ်ပြေနပြေ စားသောက်ပြီးချိန်တွင် မိုးကလည်း အောင်မြင်စွာ ဆုတ်ခွာသွားပြန်ပေါ့၊ ရင်ထဲက အနွေးဓာတ်နှင့် မိုးရေစက်အေးစက်စက်၏ ပဋိပက္ခတွေက ချိုမြနေ၏။ အားလုံးမှ သွက်လက်ပါ့ပါးသွားကြသည်။ အရက်မူးစရာမလို..၊ စိတ်မူးလျှင် တော်ပြီ။ အရွှင်ဓာတ်ကလေးများရကာ အူမြူးကုန်ကြ၏။ စားပြီးသောက်ပြီး ကျန်သည့် ပစ္စည်းများကို သည်အတိုင်း
ထားရစ်ခဲ့ကြသည်။ “ကံကောင်းသူများ ဆက်လက် သုံးဆောင်ကြပါ။ ဤပစ္စည်းများသည် သန့်ရှင်းသောပစ္စည်းများဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြည့်စုံခဲ့ကြပါပြီ။ မန္တလေးမြို့မ” ဟု စာလေးတစ်စောင်လည်း သေချာရေးထားခဲ့သည်။ ပြီးပြီ….။ ဒါပဲလေ….။

တကယ်တော့ မပြီး…. ။ အနုပညာသည်၏ နှလုံးသားက ထိခိုက်လွယ်သည်။ မိုးကိုချစ်သောသူတစ်စုက.. မိုးရှိရာ အပြေးအလွှားသွားတွေ့၊ ခံစားပြီး အပြန်တွင် ကိုဘညိန်းရင်ထဲမှ အနုပညာပုလဲရတနာတစ်ဥကို မွေးဖွားပေးနိုင်ခဲ့၏။ ကိုဘညိန်းဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာ မြို့မငြိမ်းတဲ့လေ..။ အခု သူ့အနုပညာပုလဲဥမျှ..။

“ရွာစွေ မိုးဖြိုက်ဖြိုက်
ခါပေပျိုးစိုက်စိုက်
ရှစ်သန်းငယ် တစ်ခို
အုံ့မှိုင်းညို
ခင်ပျိုလွမ်းလှိုက်လှိုက်
တိမ်တိုက်ကယ်အမှောင်….
လေယူဆောင်လို့…
တောင်ဆီကညို ပြိုတော့မည်။
– မှောင်ပြာတောင်ယာ လယ်တောခြေ

မှိုင်းညို့ဝေ ဆိုင်းလို့နေ အို … လွမ်းဖွယ်စေ
ပြိုင်တန်းမှာဝေ ဟင်းရွက်စုံပေါ တာခြေ၊ ရွှေချဉ်ပေါင်တွေ ခင်းစုံတဲ့မြေ
ကင်းပုံ ငရုတ်ပင်တွေ မိုးဦးကစွေစွေ
မောင်မယ်ခေါ် ပျော်ပျော်ကြဲတဲ့ သည်ပျိုး မိုးရေအောင်စေ
– မိုးရေထဲ မယ့်ကိုရွှဲတွေပေ၊ သို့ပေမယ့်လည်း နေသာပြီဘူးလေ
မောင်ရေ ပျိုးပင် ငယ်စိုက် ကြင်ဆွေ၊ ကြည်ဖြူ လို့ အတူနေ
မြို့ကြီးမှာ ဘယ်သောခါ ကြင်ရေးသာ မျှာ်မိပေ။
– ဖြိုင်ဖြိုင်မိုး ရွာသွန်သွန် ဖြိုးဝေ ဖြိုးဝေ၊ စွေမစဲ သဲသဲမဲမဲနေ ခဲမကျေ လယ်ကန်သင်းဆယ်ရင်း ဖေါ်တစ်သင်း အော်သီချင်း
သည်လယ် သည်မြေ သည်ရေ စည်ပေ
စိမ်းလဲ့ ယိမ်းနွဲ့ တိမ်းငဲ့နေ၊ မိုးရေထဲ မယ့်ကိုရွှဲတွေပေ
သို့ပေမယ့်လည်း နေသာပြီဘူးလေ
မောင်ရေ ပျိုးပင်ငယ် စိုက် ကြင်ဆွေ၊ ကြည်ဖြူလို့တူနေ
မြို့ကြီးမှာ ဘယ်သောခါ ကြင်ရေးသာ မျှော်မိပေ။
(မြို့မငြိမ်း – ပျိုးသီချင်း)

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW