မြင်းမူမြို့နယ်မှာ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်၂ စီး လုယူခံရ

မေ ၊ ၂၁-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊ လက်ပံကျေးရွာက အနန္တမေတ္တာလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ် ၂ စီးကို မနေ့ မေလ၂၀ ရက် မနက်ပိုင်းကပဲ အုပ်စုဖွဲ့ လူတစ်စု အသင်းကို လာရောက်လုယူသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးကွန်ရက်ဆီက သိရပါတယ်။

” လက်ပန်ရွာက လူမှုကူညီရေးရုံးမှာ ထိုးထားတဲ့ စူပါကာစတန် ခဲရောင်ကား ၂ စီး လုယူခံရတာပါ ” လို့ မြင်းမူမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာ လက်ပန်ကျေးရွာထဲကို သေနတ်တွေကိုင်ဆောင်ထားတဲ့ လူငယ်တစ်ဖွဲ့ရောက်လာပြီး ကျေးရွာကအလှူရှင်တွေ စုပေါင်းဝယ်ယူ အသုံးပြုနေတဲ့ လူနာတင်ယာဥ်၂ စီးကို အသင်းရုံးကနေ လုယူမောင်းနှင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ လက်ပန်ရွာက လူနာတင်ယာဥ် ၂ စီး လုယူသွားတယ်ဆိုတာကိုသာ သိရပြီး ဘယ်အဖွဲ့အစည်းက လုယူသွားတယ်ဆိုတာကိုတော့ VOM က အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကိုင်းတိုင်းထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပရဟိတကားတချို့နဲ့ လူမှုကူညီရေး အသင်းပိုင် လူနာတင်ယာဥ်တွေနဲ့ ပတ်သက်ပြီး မိုင်းစထိမှန်တာတွေ၊ ကားတွေ လုယူခံရတဲ့ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးအသင်း ကွန်ရက်အဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက မြင်းမူမြို့နယ်၊ ထီးစောင်းရွာအနီး ၊ မန္တလေး-မုံရွာ ကားလမ်းမှာ မုံရွာကနေ မန္တလေးကို လူနာသွားပို့တဲ့ မုံရွာက လူနာတင်ယာဥ် ကား ၂ စီး လမးဘေးမိုင်းခွဲခံရပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် ပရဟိတသမား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။

ဒါ့အပြင် အခုလ ၁၆ ရက်နေ့ညကလည်း မုံရွာမြို့၊အေးသာယာ (အုန်းခြံ)ရပ်ကွက်မှာရှိတဲ့ ၊ ရာသက်ပန် စေတနာ့ရိပ်မွန် လူမှုကူညီရေးအသင်းရုံးပိုင် ပရဟိတ လုပ်ငန်းသုံး လူနာတင်ယာဥ်တစီး ခိုးယူခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။

Photo-ပုံဟောင်း
#voiceofmyanmar #VOM #မြင်းမူ #လူမှုကယ်ဆယ်ရေးကား၂စီး #လုယူခံရ

Related posts

Leave a Comment

VOM News

FREE
VIEW