ကြည့်မြင်တိုင်မှာ ဓားပြတိုက်သွားတဲ့သူတွေ ဖမ်းမိပြီ

ဇွန် ၁-၂၀၂၂
KK(VOM)

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက အဘွားအို(၂)ဦးကို ဓားပြတိုက်ခဲ့သူ ၇ဦးကို မနေ့ မေ၃၁ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်းက တိုက်ခန်းတခန်းမှာနေထိုင်တဲ့ အသက်(၈၀)ကျော်အရွယ် ဝှီးချဲနဲ့သွားနေရတဲ့ အဘွားအိုတစ်ဦးနဲ့ အသက်(၅၀)ကျော်အရွယ်အိမ်အကူအမျိုးသမီးတို့ကို မနေ့ မေလ ၃၀ ရက် မနက်ပိုင်းက အမည်မသိအမျိုးသားတွေက ဒုတ်ဓားလက်နက်တွေကိုင်ဆောင်ကာ ဓားပြတိုက်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။

အမည်မဖော်လိုသူ ရဲအရာရှိတဦးက”မှန်ပါတယ် မနေ့ကပဲ မိတယ် ရွှေငွေလက်ဝတ်လက်စားနဲ့ပိုက်ဆံတွေရော ဖုန်းတွေပါ ပြန်ရတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးမကောင်းလို့ နေအိမ်မှာ ဝှီးချဲနဲ့သွားလာနေရတဲ့ အသက်၈၀ကျော်အရွယ် ဒေါ်ခင်ကြည်နဲ့ အသက်၅၀အရွယ် ဒေါ်အေးစန်းတို့နှစ်ဦးတည်းရှိနေစဥ် ဒုတ်၊ဓား လက်နက်ကိုင်ဆောင်ထားတဲ့အမည်မသိအမျိုးသားတွေက ဒေါ်အေးစန်းကို ကြိုးနဲ့တုပ်နှောင်ပြီး ဒေါ်ခင်ကြည်ကို ဓားနဲ့ထောက်ကာ ရွှေငွေပစွည်းတွေလုယူခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

“အဘွားကြီးနှစ်ဦးတည်းရှိတဲ့အိမ်မှ ရွေးပြီးလုပ်တာ၊ ကျနော်တို့တောင် လိုင်းပေါ်မှာတွေ့မှ သိတာ၊ စိတ်မကောင်းဘူး မိသွားပြီလို့တော့ ကြားတယ်”လို့ အဲ့ဒီရပ်ကွက်မှာနေသူတဦးကပြောပါတယ်။

ပြစ်မှုကျူးလွန်တွေဖြစ်တဲ့ လင်းထက်ဇော်၊ ခန့်ဇင်လင်း၊အောင်ကျော်ဆန်း၊ဟန်ဝင်းဇော်၊ချစ်နိူင်၊နိူင်နိုင်၊ဘိုဘို တို့ကို ဖမ်းဆီးရမိပြီး သူတို့တွေဆီက ရွှေအလေးချိန် ၁ ကျပ်၊ ၉ ပဲ၊ ၇ ရွေး တန်ဖိုးငွေကျပ်၂၈၇၇၀၀ဝ ကျပ်၊ ငွေ ၈၃၇၅၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၄ လုံး၊ နာရီ ၁ လုံးတို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူ ၇ဦးကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှာ အရေးယူဆောင်ရွက်နိူင်ဖို့ စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် မနက်ပိုင်းကလည်း အရှေဒဂုံမြို့နယ်၊၁၃ ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ အမျိုးသမီးတဦးကို သေနတ်နဲ့ပစ်ခတ်ပြီး ဆွဲကြိုးလုယက်ခဲ့သူ ကျော်ကျော် ဆိုသူအပါအဝင် ၇ဦးကိုလည်း မေလ ၂၈ ရက်က ဖမ်းဆီးရမိခဲ့တာလည်းရှိပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဆိုင်ကယ်လုယက်တာတွေ ကားပေါ်မှာ ခါးပိုက်နှိုက်တာတွေအပြင် နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိနေပါတယ်။

#voiceofmyanmar #VOM #ကြည်မြင်တိုင် #ဓားပြမှုဖမ်းမိ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW