ဖားကန့်မြို့နယ်က အမှိုက်ပုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ လူသေ ၄ လောင်းတွေ့

ဇွန် ၊ ၁-၂၀၂၂
SP (VOM)

ကချင်ပြည်နယ် ၊ ဆိတ်မူးကျေးရွာအုပ်စု ၊ ဆွတ်အောင်ကျေးရွာက အမှိုက်ပစ်တဲ့ တံတားအောက် အမှိုက်ပုံပေါ်မှာ ဇွန် ၁ ရက် ၊ ဒီကနေ့ မနက်အစောပိုင်းက လက်နောက်ပြန်ကြိုးတုပ်သတ်ထားတဲ့ လူသေ ရုပ်အလောင်း ၄ လောင်းစွန့်ပစ်ထားတာကို တွေ့ရတယ်လို့ ဆိတ်မူးကျေးရွာ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” ဒီမနက် ၆ နာရီဝန်းကျင်မှာ ဆွတ်အောင် တံတားအောက် အမှိုက်ပုံပေါ်က စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄လောင်း တွေ့ရတာပါ ၊ သေဆုံးသူတွေက အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်း အမျိုးသားတွေဖြစ်တယ် ၊ လက်နောက်ပြန် ကြိုးတုပ်ထားပြီး ၊ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင် ဒဏ်ရာလို့ ထင်မြင်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ” လို့ နယ်ခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ အမှိုက်ပုံပေါ်က တွေ့ရတယ်ဆိုတဲ့ လူသေရုပ်အလောင်း ၄ လောင်းကို နယ်ခံပရဟိတသမားတွေရဲ့ အကူအညီနဲ့ နေလယ်ပိုင်းမှာပဲ ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့ရုံး ၊ တာဝန်ရှိသူတဦးက “ကနဦး စစ်ဆေးချက်တွေ ရယူနေပါတယ်၊ သေဆုံးသူတွေဟာ အခုထိတော့ ပိုင်ရှင်မဲ့ အမည်မသိဖြစ်နေသေးပါတယ်၊ ရေမဆေးသမားတွေထဲကဆိုရင် ကျောက်ကိစ္စဖြစ်နိုင်သလို ၊ ဧည့်သည် အာဂန္တုထဲကဆို မူးယစ်ဆေးဝါး ပြဿနာဖြစ်နိုင်တယ် ၊ ဘာကြောင့်ဆိုတာတော့ အဖြေမသိရသေးဘူး ” လို့ ဖြစ်ပါတယ်။

အဲ့ဒီ ၄ လောင်းပြိုင်ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့က လက်တလော သေမှုသေခင်းနဲ့ အမှုဖွင့်မှာဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေအရ နဲ့ ရာဇသတ်ကြီး ဥပဒေအရ ပြောင်းလဲအမှုဖွင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာလည်း ဖားကန့်မြို့နယ်က ကျေးရွာတချို့မှာ ဒလန်လို့ စွပ်စွဲသတ်ဖြတ်တဲ့ လူသတ်မှုဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့တာ ရှိပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #လူသေ၄လောင်းတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW