တနိုင်းမြို့နယ်မှာ ကျောင်းအပ်နှံသူ နည်းပါးတာကြောင့် ကျောင်းတွေ တဝက်ပဲ ဖွင့်နိုင်သေး

ဇွန် ၊ ၂-၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊တနိုင်းမြို့နယ်မှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်းတွေထဲက တဝက်လောက်သာ ကျောင်းပြန်ဖွင့်နိုင်ပြီး ကျန်တဲ့တဝက်လောက်က ပိတ်ထားရတယ်လို့ တနိုင်းပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” တနိုင်းမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၄ ကျောင်းရှိတယ် ၊ အဲ့ဒီအထဲက ၁၅ ကျောင်းသာ ပြန်ဖွင့်နိုင်မှာဖြစ်ပြီး ကျန်တဲ့ ၁၉ ကျောင်းကတော့ လက်တလော ပြန်ဖွင့်နိုင်တဲ့ အခြေအနေမှာ မရှိသေးဘူး “လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ် ။

ဒါ့အပြင် တနိုင်းမြို့နယ်မှာ အရင်က ကျောင်းသား၊ကျောင်းသူစာရင်းအရ အခြေခံပညာ မူလတန်း၊အလယ်တန်း နဲ့ အထက်တန်း ကျောင်းသား ကျောင်းသူပေါင်း ၁၁၀၉၃ ဦးရှိတဲ့အနက်က မနေ့ ဇွန် ၁ ရက်အထိတော့ ကျောင်းအပ်နှံထားသူ ၅၈၉၆ ဦးသာရှိသေးတာကြောင့် အခုနှစ် ကျောင်းအပ်နှံထားတဲ့ ကျောင်းသား ကျောင်းသူ ရာခိုင်နူန်းဟာ ၄၆ ဒသမ ၈၅ ခန့်သာ ရှိတဲ့အတွက် သင်ကြားရေးစနစ်ပုံစံရ ကျောင်းတွေလျှော့ဖွင့်တာလည်း ဖြစ်နိုင်တယ်လို့ ကျောင်းသားမိဘတွေက သုံးသပ်ပြောဆိုတာလည်း ရှိပါတယ်။

တနိုင်းမြို့နယ်ထဲက အခြေခံပညာရေး ကျောင်းတွေမှာ သင်ကြားမှု ဆရာ /ဆရာမ မလုံလောက်တာ ၊ ကျောင်းအပ်သူ နည်းပါးတာနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအရ အခုလို ကျောင်းတွေကို တဝက်ပဲပြန်ဖွင့်နိုင်တာလို့ ပြောဆိုသူတွေလည်းရှိပါတယ်။

တနိုင်းမြို့နယ်မှာက ရှမ်းနီ ၊ လီဆူး ၊ လဝမ် ၊ ဂျိမ်းဖော ၊ ဗမာ ၊ နာဂ စတဲ့ တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်တဲ့ မြို့တမြို့ဖြစ်တာကြောင့် တိုင်းရင်းသားပညာရေး သင်ကြားမှုစနစ်သစ်ကို မျှော်လင့်နေသူတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တနိုင်း #ကျောင်းအပ်နှံသူနည်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW