အသက် ၅ နှစ်အရွယ် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

ဇွန် ၂-၂၀၂၂
GG(VOM)

အသက် ၅ နှစ်အရွယ် အခြေခံပညာကျောင်းသားတွေကို ကျောင်းစဖွင့်တဲ့ ဒီနေ့ဇွန်လ ၂ ရက်နေ့ကစပြီး ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးနေပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက ကျောင်းတွေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက အခြေခံပညာစာသင်ကျောင်းတွေမှာ အသက်၅ နှစ်ကနေ ၁၂ နှစ်အထိ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးတွေ စတင်ထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။

” ၅နှစ်ကစ ပြီးထိုးလို့ရနေပြီ ၊ ဒီနေ့ စထိုးတာ ၊နေပြည်တော်မှာစထိုးနေပြီ ၊ ၅နှစ် ကနေ ၁၂နှစ်အခြေခံပညာကျောင်းသားသူတွေပေါ့။ အပြင်ကတော့မပါသေးဘူး။ ကာကွယ်ဆေးက နှစ်ကြိမ်ဆေးပါ။ “လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

အခြေခံပညာစာသင်ကျောင်းသားတွေကို တရုတ်က လှူဒါန်းတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

” သရက်မှာ ထိုးနေပါပြီ၊ ၅ နှစ်တွေ ထိုးပေးနေတာပါ။ ၁၂ နှစ်အထိပဲ၊အဲ့ဒီအထက်တွေက အရင်နှစ်က ထိုးပြီးသားတွေ “လို့ မူလတန်းပြဆရာမတဦးကပြောပါတယ်။

အခြေခံပညာ ကျောင်းဆရာ၊ဆရာမတွေနဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသူ/ကျောင်းသားတွေကိုတော့ ပြီးခဲ့တဲ့နှစ် ကျောင်းတွေပြန်ဖွင့်ချိန်က ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကိုတော့ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာပြန်လည်ဖွင့်လှစ်နေပြီး ဒီနှစ်မှာတော့ ကျောင်းဖွင့်ချိန် တနေကုန် ကျောင်းတက်စနစ်နဲ့သင်ကြားနေတာဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ဒီနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၅၆ သိန်းကျော် (၅၆၀၉၆၇၆ ဦး) ရှိထားတယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #၅နှစ်အရွယ် #ကျောင်းသား/သူ #ကိုဗစ်ဆေးစထိုးပေး

Related posts

Leave a Comment

VOM News

FREE
VIEW