ယာယီပြန်ပိတ်ထားတဲ့ ကော့သောင်း – ရနောင်းဂိတ် ဒီနေ့မှာပြန်ဖွင့်

ဇွန် ၆-၂၀၂၂
VOM ( GG)

ဇွန်လ ၄ ရက်နေ့က ယာယီပြန်ပိတ်ထားတဲ့ ထိုင်း – မြန်မာ နယ်စပ်၊ ကော့သောင်း -ရနောင်းဂိတ်ကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ တရားဝင် ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ရနောင်းဘက်မှာနေထိုင်ခွင့်နဲ့ပတ်သက်လို့ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က Border Pass(နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်)မှာ အထွက်တုံးသာထုပေးတာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဘက် (လဝက)က လက်ခံသလောက်နေထိုင်ခွင့်ရှိတဲ့ပုံစံ တွေ့ရတယ်လို့ ကော့သောင်းဒေသခံတဦးကပြောပြပါတယ်။

နောက်ပြီး Temporary Border pass(ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်)တွေကိုလည်း မြန်မာဘက်ကနေ ၅ ညအိပ် ၆ရက် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

” ဒီနေ့ပြန်စဖွင့်နေပြီ၊ ကိုဗစ်ဆိုင်ရာစည်းကမ်းချက်တွေက ဝန်ကြီးဌာနထုတ်ထားတဲ့အတိုင်း လုပ်မယ်လို့ပြောတယ်။အသေးစိတ်ကတော့ မသိရသေးဘူး။ ဟိုဘက်ရနောင်းဘက်ကို နေထိုင်ခွင့်ကြတော့လည်း ဒီဘက် လဝက က အထွက်တုံးပဲထုပေးတယ်။ကျန်တာဟိုဘက်ရောက်မှ ဆက်ပြီးလုပ်ရမယ့်သဘောလို့ကြားရတယ်။တရားဝင်ပြန်စဖွင့်တာဆိုတော့ အစပိုင်းလုပ်ရကိုင်ရတော့ နည်းနည်းရှုပ်မယ့်သဘောရှိတယ် “လို့ ကော့သောင်းဒေသခံတဦးကပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကော့သောင်း – ရနောင်းနယ်စပ်ဂိတ်ကို ၂နှစ်ကြော်အကြာတဲ့အထိ ပိတ်ထားရာကနေ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကမှ ယာယီ Visa နဲ့ ၂ ညအိပ် ၃ ရက်နေထိုင်ခွင့်ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ဇွန်လ ၄ ရက်နေ့မှာ ခေတ္တပြန်ပိတ်ပြီး ဒီနေ့ဇွန်လ ၆ ရက်နေ့မှာတော့ တရားဝင်သွားလာခွင့်ပြန်လည်ခွင့်ပြုပေးလိုက်တာပဲဖြစ်ပါတယ်။

ရနောင်းနယ်စပ်ဂိတ်ကနေ Border pass နဲ့ သွားလာခွင့် အပြင် ထိုင်းနိုင်ငံကို MOU စနစ်နဲ့အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေကိုလည်း ဝင်ရောက်ခွင့်ပြုနေပါတယ်။

BP ၊ TBP နဲ့ ကော့သောင်း-ရနောင်း သွားလာကြမယ့်သူတွေအနေနဲ့ မေ ၁ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးညွှန်ကြားချက် အသွားအလာကန့်သတ်မှုနဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အစီအစဉ်အတိုင်း ဆောင်ရွက်ရမယ်လို့ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ကော့သောင်းရနောင်းဂိတ် #ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW