ပဲခူးတိုင်းက ရေရှိနိုင်တဲ့နေရာတိုင်း တနှစ်ကို ၃ သီး စိုက်ပျိုးဖို့ တိုင်းဝန်ကြီးချုပ်ပြော

ဇွန် ၁၅-၂၀၂၂
VOM ( GG )

ပဲခူးတိုင်း တစ်တိုင်းလုံးက ဆည်ရေသောက်ဧရိယာ ရေရရှိနိုင်တဲ့ နေရာတိုင်းမှာ တစ်နှစ်ကို ၃ သီး အပြည့်အဝစိုက်ပျိုးရမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်ပါတယ်။

တစ်နှစ် ၁ သီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တစ်နှစ် ၂ သီး၊ တစ်နှစ် ၂ သီး စိုက်ပျိုးခဲ့တဲ့ မြေနေရာမှာ တစ်နှစ် ၃ သီး စိုက်ပျိုးနိုင်အောင် တောင်သူတွေကို စည်းရုံးဖို့လည်း ပြောဆိုခဲ့ပါတယ်။

” စိုက်ပျိုးနိုင်တဲ့ မြေနေရာတွေအားလုံး မြေလပ်မရှိ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ဖို့လိုအပ်တယ်။ လိုအပ်တဲ့ စိုက်ပျိုးရေ ရရှိရေးကို အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးမယ်။ ” လို့ ဝန်ကြီးချုပ်က ဒီနေ့ဇွန်လ(၁၅) ရက် နေ့မှာပြုလုပ်ခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်တဲ့ မြေနေရာ ရွေးချယ်ပြီး ဆီထွက်သီးနှံ မြေပဲ၊ နှမ်းအပြင် နေကြာစိုက်ပျိုးခြင်းကို သီးထပ်၊ သီးညှပ်၊ သီးသန့်စိုက်ခင်း တွေ စိုက်ပျိုးနိုင်အောင်ဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

ရေငံဝင်ရောက်တဲ့ ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်တွေမှာလည်း ရေငံဒဏ်ခံ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် အခုချိန်ကတည်းက ရေငံဒဏ်ခံစပါး စံပြကွက်တွေစိုက်ပျိုးသွားဖို့လည်း ပြောဆိုခဲ့ပါတယ်။

” ကျနော်တို့ ​ပြည်ဘက်ဆို ဆည်ရှိတယ်၊ရေမရလို့ နွေစပါးမရတာ ၃ နှစ်ရှိပြီ၊ခုနှစ်မှပြန်ရတယ်။ ပြန်ရတာတောင် အကုန်မရဘူး၊တဝက်တပျက်ပဲရတယ်။ လယ်တွေက နှစ်သီးစားပဲရတယ်။ နွေစပါးနဲ့ မိုးစပါးပဲ။ သူတို့ပြောသလို ၂ သီးစားကို ၃ သီးစားစိုက်လို့ကိုမရဘူး။ တချို့စိုက်ခင်းတွေက မတ်ပဲနဲ့ မိုးစပါးစိုက်တယ်၊နွေစပါးစိုက် မရဘူး။ “လို့ ပြည်ခရိုင်က တောင်သူတဦးကပြောပါတယ်။

လက်ရှိ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့အနောက်ခြမ်းက တောင်သူတွေအားလုံး မိုးစပါးကို အဓိကစိုက်ပျိုးပြီး မိုးစပါးအတွက် ဆည်ရေရရှိမှုနည်းပါးပြီး မိုးကိုမျှော်ကာ စိုက်ပျိုးနေရကြောင်း၊ နွေစပါးစိုက်ပျိုးမှုကလည်း ဆည်ရေပေးဝေမှုအပေါ် မူတည်လုပ်နေရကြောင်း၊ ဆည်ရှိပြီး ဆည်ရေမရရှိလို့ နွေစပါးစိုက်ပျိုးခွင့််မရတဲ့လယ်ဧကတွေအများကြီးရှိတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ကတော့ တောင်သူတွေ လိုအပ်စိုက်ပျိုးရေ ရရှိအောင် အစိုးရအဖွဲ့ကနေ လုပ်ဆောင်ပေးမယ်လို့ ပြောဆိုထားပါတယ်။

” အခုဆို မိုးစပါး စလုပ်နေရပြီ ၊ လယ်တွေလွှတ်မထားချင်လို့သာ လုပ်နေတာ။ ထွန်ယက်ခ ၊အလုပ်သမားခ အကုန်အတက်၊ အဆိုးဆုံးကမြ​ ဩဇာစျေးပဲ တစ်သိန်းဖြစ်နေပြီ၊ လုပ်သာနေရတာအမြတ်ဆိုတာ မမြင်ရဘူး။စိုက်ပျိုးစရိတ်ကလည်း ​ချေးငှားလုပ်ရတော့ လယ်သမားတွေဘဝ နစ်သထက်နစ်နေတာ။စပါးပေါ်ပြီဆို စျေးကမကောင်းဘူး။ စပါးကအထွက်ကျတာနဲ့ အဆင်မပြေဘူး”လို့ တောင်သူတဦးကပြောပါတယ်။

လက်ရှိမှာ မိုးရာသီစပါးစိုက်ပျိုးဖို့ ထွန်ယက်မှုတွေစတင်လုပ်ဆောင်နေကြရာ အခုနှစ် လယ်ထွန်ယက်ခတွေက တစ်ဧကကို ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိရှိကြောင်း မြေဩဇာက တစ်အိတ် ၁သိန်းကျပ် နဲ့ အထွေထွေအလုပ်သမားငှားရမ်းခတွေနဲ့ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #စိုက်ပျိုးရေး

Related posts

Leave a Comment

VOM News

FREE
VIEW