တောင်ဒဂုံမှာ ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊ဇွန် ၁၅-၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက သားဖြစ်သူကို ကျောင်းလိုက်ပို့တဲ့ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းက တောင်ဒဂုံမြို့နယ်၊ ၇၀ ရပ်ကွက်၊ ကျောင်းလမ်းနဲ့အောင်ချမ်းသာ ၂ လမ်းထောင့်မှာ သားဖြစ်သူကို ကျောင်းလိုက်ပို့ပြီးပြန်လာတဲ့ ဆိုင်ကယ်ကယ်ရီသမားတဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“သူက ကယ်ရီဆွဲတာ သူသားလေးက အထက ၄ မှာတက်တာ ခြောက်တန်း၊ ကျောင်းပို့ပြီးပြန်လာတဲ့အချိန်အပစ်ခံရတာ၊ ဆေးရုံရောက်မှ သေတာပါ”လို့ ပြောပါတယ်။

အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးပြောတာက”သူ့ကို လူသုံးယောက်က အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီး သေနတ်နဲ့ပစ်တာ နားထင်ကိုထိသွားတာ ဆေးရုံကိုပို့တဲ့အချိန်မှာပဲ ဆုံးသွားတယ်၊ သေဆုံးသွားသူဟာ ဆိုင်ကယ်ကယ်ရီမောင်းနှင်တဲ့ ကိုဘိုမင်းသူ ဆိုသူဖြစ်တယ်၊ မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်နေရသူတဦးလည်းဖြစ်တယ်”လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြို့ပြပြောက်ကျားအဖွဲ့ Ultimate Revolutionary Movement Team
(URMT)က သေဆုံးသူဦးဘိုမင်းသူ(ခ)ဘိုမင်း ဟာ ဒလန်တဦးဖြစ်လို့ ပြည်သူတွေကတိုင်ကြားတဲ့အတွက် ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုအပြီး လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

လက်တလော အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်တပ်နဲ့
ရဲတွေက ရပ်ကွက်နေသူတွေနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကလည်း တောင်ဒဂုံမြို့နယ်၊ (၅၅) ရပ်ကွက်က ရုံအကူဟိန်းမင်းလတ် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၉ ရက်နေ့ကလည်း တောင်ဒဂုံ (၁၀၆) ရပ်ကွက်က ရာအိမ်မှုးမောင်မောင် သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဖြစ်စဥ်လည်းရှိပါတယ်။

တောင်ဒဂုံမြို့နယ်မှာ မေလ နဲ့ဇွန်လအတွင်း အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့သတင်းပေးဒလန်လို့ သတ်မှတ်ခံရသူ (၁၀)ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

#voiceofmyanmar #VOM #တောင်ဒဂုံ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW