မိန်းမလှကျွန်းနဲ့အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေ မိကျောင်းအန္တရာယ်သတိထားဖို့လိုအပ်

ဘိုကလေး၊ ဇွန်လ ၁၅-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊မိန်းမလှကျွန်း ဘေးမဲ့တောနဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ ဇွန်လကနေစတင်ပြီး မိကျောင်းတွေ မိတ်လိုက်ရာသီရောက်လာတာကြောင့် သတိနဲ့နေထိုင်ကြဖို့ လိုအပ်တယ်လို့ မိန်းမလှကျွန်းဘေးမဲ့တောအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

မိန်းမလှကျွန်းဘေးမဲ့တော တာဝန်ရှိသူတဦးက “မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှာ မိကျောင်းတွေမိတ်လိုက်သားပေါက် ရာသီရောက်ရှိတော့မှာဖြစ်တယ်။မိန်းမလှကျွန်းဘေးမဲ့တောနဲ့ ပတ်ဝန်းကျင်ဒေသကကျေးရွာတွေမှာ မိကျောင်းအန္တရာယ်ကို ကြိုတင်သတိပြုနေကြစေလိုတယ်။ မိကျောင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မိန်းမလှကျွန်းအနီးက ရေချိုးဆိပ်ရှိတဲ့ရွာတွေမှာ သား၊ငါးရှာထွက်ခြင်း၊ ရေချိုးခြင်းတို့ကို သတိနဲ့သွားလာလုပ်ကိုင်ဖို့ပြောချင်
တယ်။”လို့ ပြောပါတယ်။

မိန်းမလှကျွန်း အုပ်ချုပ်ရေးအဖွဲ့က မိကျောင်းတွေ မိတ်လိုက်၊အသိုက်လုပ်၊ သားပေါက်တဲ့ကာလမှာ မိန်းမလှကျွန်းနဲ့ဆက်စပ်နေရာတွေမှာ နေထိုင်တဲ့ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့၊ချောင်းစပ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေလွှတ်ကြောင်းတာ၊ငါးဖမ်းတာ၊ ရေချိုးတာကို အထူးသတိပြုလုပ်ဆောင်ကြဖို့ အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး အသံချဲ့တွေအသုံးပြုပြီးတော့လည်း လိုက်လံကြေညာနေတယ်လို့သိရပါတယ်။

မိကျောင်းတွေဟာ မတ်လနဲ့ဇွန်လအထိ မိတ်လိုက်ကြပြီး ဇူလိုင်နဲ့ဩဂုတ်လမှာ အသိုက်ပြုလုပ်ကာ စက်တင်ဘာလနဲ့နိုဝင်ဘာလမှာတော့ သားပေါက်တယ်လို့
သိရပါတယ်။

အဲ့ဒီလိုအချိန်တွေမှာ လူတွေကိုမိကျောင်းတွေက ရန်လို၊ရန်ပြုတတ်တာကြောင့် မိကျောင်းအန္တရာယ် သတိပြုနေထိုင်လုပ်ကိုင်ကြဖို့လိုတယ်လို့သိရပါတယ်။

“မိကျောင်းအန္တရာယ်သတိပေးချက်ဆိုင်းဘုတ်တွေကို
နေရာတော်တော်များများမှာ စိုက်ထူထားတာတွေ့တယ်။တချို့ကလည်း မိကျောင်းအန္တရာယ်ကို တော်တော်လေး
ကြောက်နေတယ်။ကျွန်မတို့လည်း မသွားရဲမလာရဲဖြစ် နေတယ်။”လို့ မိန်းမလှကျွန်းတောအနီးနေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီ မိန်းမလှကျွန်းဘေးမဲ့တောမှာ မိကျောင်းစာရင်းကောက်ယူတဲ့လုပ်ငန်းကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေပြီး အခုနှစ်ကောက်ယူထားတဲ့စာရင်းတွေအရ မိကျောင်းအကောင်ရေ ၁၁၅ ကောင်တွေ့ရှိပြီး သက်ငယ်တဲ့မိကျောင်း ၉၅ ကောင်နဲ့ အသက်လတ်မိကျောင်း ၁၂ ကောင်ရှိတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်၊ ပဒဲကောကျေးရွာချောင်းစပ်မှာ ဂဏန်းထောင်နေတဲ့အမျိုးသားတဦးကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလထဲမှာ မိကျောင်းကိုက်ဆွဲသွားလို့ သေဆုံးခဲ့ရပါသေးတယ်။

#voiceofmyanmar #VOM #ဘိုကလေး #မိန်းမလှကျွန်း #မိချောင်းအန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW